close

နိုရူမုန်တိုင်း

close

September 29, 2022

နိုရူမုန်တိုင်းကြောင့် ထိုင်းနိုင်ငံ ၁၄ ခရိုင်တွင် ရေကြီး၊ လူ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

တောင်တရုတ်ပင်လယ်ကလာတဲ့ နိုရူအမည်ရှိ စူပါမုန်တိုင်းဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို စတဲ့နိုင်ငံတွေကို ဖြတ်သန်းပြီး မနေ့ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီဆန်ဒေသကို ဝင်ရောက်ခဲ့ပါတယ်။

မနေ့ညက အီဆန်ဒေသ ဥဘွန်းရာ့ချ်ဌာနခရိုင်ကို စတင်ရောက်ရှိပြီး အမ်နတ်ကျရွန်း၊ ဆီစကစ်၊ ယဆိုထောင်န်း၊ အမ်နတ်ကျရွန်း စတဲ့ခရိုင် ၄ ခုမှာ မိုးသက်လေပြင်းကျရောက်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ကြောင်း၊ ဆီစကစ်ခရိုင် ဟွေ့ထပ်ထန်းမြို့နယ် မိုင်းလုံရပ်ကွက်ထဲ မှာတော့ ဟိုင်းလပ်ကားတစီးပေါ် သစ်ပင်ပိကျလို့ လူ ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

ခွန်ကဲန်ခရိုင်မှာ နိုရူမုန်တိုင်း မရောက်ခင်ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၉ ရက်ထိ မြို့နယ်ပေါင်း ၁၆ ခု၊ အုပ်စု ၁၂၁ က ရပ်ကွက်နဲ့ ကျေးရွာ ၇၄၈ ခုမှာ ရေကြီးကာ လူပေါင်း ၁၆,၉၃၈ ရေဘေးဒုက္ခကြုံခဲ့ရပြီး လူ ၄ ယောက် သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အိမ်ခြေ ၂၉ လုံး ပျက်စီးပြီး လယ်မြေဧက ၁ သိန်းနီးပါး၊ ယာမြေ ဧက ၁,၀၀၀ ကျော်၊ ဥယျာဉ်ခြံ ၈၀ နဲ့ လမ်းကြောင်း ၂၀၀ ရေလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။

နိုရူမုန်တိုင်းဟာ ဒီကနေ့မနက် ၁၁ နာရီက အီဆန်ဒေသ လွဲ့အစ်ခရိုင်ကို ဗဟိုပြုပြီး တနာရီ ၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ကြောင်း၊ ဒါကြောင့် ထိုင်းနိုင်ငံတဝန်း လမ်းပွန်း၊ ဆုခိုထိုင်း၊ တာ့ခ်၊ ဖစ်ချ်ဘွန်း၊ ချိုင်းယဖွန်း၊ ခွန်ကဲန်၊ ဗိစနုလုတ်၊ ဆီစကစ်၊ နောင်ဘိုလမ်းဖူး၊ ပရာကျင်းပူရီ၊ ဥဘွန်းရာ့ချ်ဌာနီ၊ အယုဒ္ဓယ၊ အန်ထောင်းနဲ့ ပထုန်ဌာနီ စတဲ့ ခရိုင် ၁၄ ခုထဲက ၄၅ မြို့နယ်၊ ၂၀၅ အုပ်စု၊ ရပ်/ကျေး ၉၁၀ မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတယ်လို့ သဘာဝဘေးကာကွယ်ရေး ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၄ ရက်နေ့ အတောအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းရှိ ခရိုင်ပေါင်း ၁၇ ခုမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီနေ့မနက် ၆ နာရီက ထုတ်ပြန်ပါတယ်။

အဆိုပါ ခရိုင် ၁၇ ခုမှာ ထိုင်းအရှေ့မြောက်ပိုင်းက ဥဒွန်းဌာနီ၊ ချိုင်းယဖုန်း၊ ခွန်ကဲန်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ အမ်နတ်ကျရွန်း၊ မုဒ်ဒါဟန်၊ ယာ့ဆိုထွဏ်း စတဲ့ ၁၀ ခရိုင်၊ ထိုင်းမြောက်ပိုင်းက လမ်းပန်း၊ တာ့ခ်၊ ဖစ်ချ်ဘွန်း၊ ကမ်ဖိုင်ဖစ် စတဲ့ ၄ ခရိုင်နဲ့ အလယ်ပိုင်းက လုပ်ပူရီ၊ ဆရာပူရီ၊ ပရကျင်းပူရီ စတဲ့ ၃ ခရိုင်တွေမှာ ရေဘေးအန္တရာယ် သတိထားဖို့ ထုတ်ပြန်ထားပါတယ်။

ရေဘေးအကူအညီတွေ လိုအပ်ပါက ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ကူညီရေးဌာန အရေးပေါ်ဖုန်း ၁၇၈၄ ကို ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

46 seconds Ago

September 28, 2022

နိုရူမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံ ခရိုင်အချို့တွင် ရေကြီးနေ

ဗီယက်နမ်နိုင်ငံမှာ မွှေနှောက်ခဲ့တဲ့ နိုရူမုန်တိုင်းဟာ ဒီ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ လာအိုနိုင်ငံကို ဝင်ရောက်ပြီး ထိုင်းနိုင်ငံကို အစောဆုံး ည ၁၁ နာရီခန့်၊ နောက်အကျဆုံး စက်တင်ဘာ ၂၉ ရက် မနက်စောစော ဝင်ရောက်မယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း ခရိုင်တချို့မှာတော့ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသရှိ ခွန်ကဲန်၊ ချိုင်းယားဖွန်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဆီစကစ် အစရှိတဲ့ခရိုင်တွေမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတာပါ။

ခွန်ကဲန်ခရိုင် ခွန်ကဲန်မြို့နယ်မှာ နမ့်ခြည်းချောင်းရေလျှံကျတာကြောင့် ဘန့်ပစ်၊ ဘန့်ကောင် ရပ်ကွက်ထဲမှာ ရေဝင်နေကြောင်း၊ မန်ကျခီရီမြို့နယ် အုပ်ချုပ်ရေးရုံးရှေ့ အပါအဝင် ကျေးရွာအုပ်စု ၃ စုမှာ ရေတွေဝင်ရောက်ကာ လယ်မြေဧက ၅,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ချိုင်းယားဖွန်းခရိုင်မှာ ဒီနေ့မနက် ၅ နာရီကတည်းက ရေတွေတက်လာပြီး ချိုင်းယားဖွန်း မြို့နယ်အုပ်ချုပ်ရေးရုံး၊ ပြည်သူ့ဆေးရုံနဲ့ အစိုးရရုံးစိုက်ရာ မြို့လယ်ခေါင်မှာ ရေကြီးနေပြီး လူနာတွေ ရွှေ့ပြောင်းနေရပါတယ်။

ဆီစကစ်ခရိုင် ဆီစကစ်မြို့မှာ ဟွေ့ဆမ်ရန်းချောင်းရေတွေ ဝပ်ပါဖိမွန်းဘုန်းကြီးကျောင်းထဲ ဝင်ရောက်လာပြီး သံဃာတော်တွေ ဆွမ်းခံမကြွနိုင်လို့ ဒကာတွေက ဆွမ်းသွားပို့ပေးရပြီး အမြင့်ပိုင်းရှိ ဇရပ်ပေါ် ပြောင်းရွှေ့နေထိုင်နေရပါတယ်။

အလားတူ ဥဘွန်းရာ့ချ်ဌာနီခရိုင်မှာ နမ့်မွန်းချောင်းရေလျှံကျတာကြောင့် ချောင်းဘေးရှိ ဝါးရင်းမြို့ပေါ်မှာ ရေအမြင့် ၂ မီတာထိ တက်နေပြီး တချို့ရပ်ကွက်နေ ပြည်သူတွေ အိမ်ခေါင်မိုးပေါ် တက်နေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လာမယ့် ၂၄ နာရီအတွင်း နိုရူမုန်တိုင်းကြောင့် ခရိုင်ပေါင်း ၃၉ ခရိုင်မှာ မိုးရွာသွန်းပြီး တချို့ဒေသမှာ မိုးသက်လေပြင်း ကျနိုင်တယ်လို့ ထိုင်းမိုးဇလဌာနက ဒီနေ့မနက် ၆ နာရီမှာ ထုတ်ပြန်ထားပါတယ်။

နိုရူ ဝင်လာက ပျက်စီးဆုံးရှုံးမှုတွေ နည်းပါးအောင် ရေနုတ်မြောင်းတွေဖောက်လွှတ်တာ၊ ပစ္စည်းတွေ အမြင့်ကိုရွှေ့ပြောင်းတာ၊ အန္တရာယ်ရှိနေရာတွေကို ရှောင်ရှားတာ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း စတဲ့ ပြင်ဆင်ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ သက်ဆိုင်ရာက သတိပေး တိုက်တွန်းထားပါတယ်။

ကိုးကား -  thaipbs.or.th

1 day Ago
Up