နိုရူမုန်တိုင်းကြောင့် ထိုင်းနိုင်ငံ ၁၄ ခရိုင်တွင် ရေကြီး၊ လူ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ









တောင်တရုတ်ပင်လယ်ကလာတဲ့ နိုရူအမည်ရှိ စူပါမုန်တိုင်းဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို စတဲ့နိုင်ငံတွေကို ဖြတ်သန်းပြီး မနေ့ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီဆန်ဒေသကို ဝင်ရောက်ခဲ့ပါတယ်။
မနေ့ညက အီဆန်ဒေသ ဥဘွန်းရာ့ချ်ဌာနခရိုင်ကို စတင်ရောက်ရှိပြီး အမ်နတ်ကျရွန်း၊ ဆီစကစ်၊ ယဆိုထောင်န်း၊ အမ်နတ်ကျရွန်း စတဲ့ခရိုင် ၄ ခုမှာ မိုးသက်လေပြင်းကျရောက်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ကြောင်း၊ ဆီစကစ်ခရိုင် ဟွေ့ထပ်ထန်းမြို့နယ် မိုင်းလုံရပ်ကွက်ထဲ မှာတော့ ဟိုင်းလပ်ကားတစီးပေါ် သစ်ပင်ပိကျလို့ လူ ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ခွန်ကဲန်ခရိုင်မှာ နိုရူမုန်တိုင်း မရောက်ခင်ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၉ ရက်ထိ မြို့နယ်ပေါင်း ၁၆ ခု၊ အုပ်စု ၁၂၁ က ရပ်ကွက်နဲ့ ကျေးရွာ ၇၄၈ ခုမှာ ရေကြီးကာ လူပေါင်း ၁၆,၉၃၈ ရေဘေးဒုက္ခကြုံခဲ့ရပြီး လူ ၄ ယောက် သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အိမ်ခြေ ၂၉ လုံး ပျက်စီးပြီး လယ်မြေဧက ၁ သိန်းနီးပါး၊ ယာမြေ ဧက ၁,၀၀၀ ကျော်၊ ဥယျာဉ်ခြံ ၈၀ နဲ့ လမ်းကြောင်း ၂၀၀ ရေလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။
နိုရူမုန်တိုင်းဟာ ဒီကနေ့မနက် ၁၁ နာရီက အီဆန်ဒေသ လွဲ့အစ်ခရိုင်ကို ဗဟိုပြုပြီး တနာရီ ၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ကြောင်း၊ ဒါကြောင့် ထိုင်းနိုင်ငံတဝန်း လမ်းပွန်း၊ ဆုခိုထိုင်း၊ တာ့ခ်၊ ဖစ်ချ်ဘွန်း၊ ချိုင်းယဖွန်း၊ ခွန်ကဲန်၊ ဗိစနုလုတ်၊ ဆီစကစ်၊ နောင်ဘိုလမ်းဖူး၊ ပရာကျင်းပူရီ၊ ဥဘွန်းရာ့ချ်ဌာနီ၊ အယုဒ္ဓယ၊ အန်ထောင်းနဲ့ ပထုန်ဌာနီ စတဲ့ ခရိုင် ၁၄ ခုထဲက ၄၅ မြို့နယ်၊ ၂၀၅ အုပ်စု၊ ရပ်/ကျေး ၉၁၀ မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတယ်လို့ သဘာဝဘေးကာကွယ်ရေး ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၄ ရက်နေ့ အတောအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းရှိ ခရိုင်ပေါင်း ၁၇ ခုမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီနေ့မနက် ၆ နာရီက ထုတ်ပြန်ပါတယ်။
အဆိုပါ ခရိုင် ၁၇ ခုမှာ ထိုင်းအရှေ့မြောက်ပိုင်းက ဥဒွန်းဌာနီ၊ ချိုင်းယဖုန်း၊ ခွန်ကဲန်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ အမ်နတ်ကျရွန်း၊ မုဒ်ဒါဟန်၊ ယာ့ဆိုထွဏ်း စတဲ့ ၁၀ ခရိုင်၊ ထိုင်းမြောက်ပိုင်းက လမ်းပန်း၊ တာ့ခ်၊ ဖစ်ချ်ဘွန်း၊ ကမ်ဖိုင်ဖစ် စတဲ့ ၄ ခရိုင်နဲ့ အလယ်ပိုင်းက လုပ်ပူရီ၊ ဆရာပူရီ၊ ပရကျင်းပူရီ စတဲ့ ၃ ခရိုင်တွေမှာ ရေဘေးအန္တရာယ် သတိထားဖို့ ထုတ်ပြန်ထားပါတယ်။
ရေဘေးအကူအညီတွေ လိုအပ်ပါက ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ကူညီရေးဌာန အရေးပေါ်ဖုန်း ၁၇၈၄ ကို ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။