ယူကရိန်းနိုင်ငံဟာ နောက်ဆုံးမှာတော့ နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာဖို့ အဖွဲ့ဝင်မိတ်ဖက်နိုင်ငံအားလုံးက သဘောတူညီခဲ့ကြတယ်လို့ ဧပြီ ၂၁ရက်မှာ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က ပြောကြားပါတယ်။
ဂျာမနီနိုင်ငံက ရမ်းစတိုင်းလေတပ်အခြေစိုက်စခန်းမှာ ယူကရိန်းကာကွယ်ရေးဆိုင်ရာ အဆက်အသွယ်အဖွဲ့ရဲ့ အစည်းအဝေးမတိုင်ခင် ယန်းစ်စတော့တန်ဘာ့ဂ်က သတင်းထောက်တွေကို အခုလိုဖြေဆိုသွားတာပါ။
လက်ရှိအချိန်မှာ ယူကရိန်းအနေနဲ့ ရုရှားအပေါ် အောင်နိုင်ရေးကိုသာ အဓိက အာရုံစိုက်ထားတယ်၊ ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားတာနဲ အသစ်သစ်သော တိုက်ခိုက်မှုတွေအပေါ် တားဆီးနိုင်ရေးအတွက် ကိဗ်အနေနဲ့ ဟန့်တားနိုင်စွမ်းရှိဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။
အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က“ဘာကြောင့်လဲဆိုတော့ ဒီစစ်ပွဲဟာ လွန်ခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလမှာတင် စတင်ခဲ့တာ မဟုတ်ဘူးဆိုတာကို သတိရသင့်ပါတယ်၊ ဒီစစ်ပွဲဟာ ခရိုင်းမီးယားဒေသကို ရုရှားက တရားမဝင်သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်သလို ယူကရိန်း အရှေ့ဘက် ဒွန်ဘတ်စ်ဒေသကို ပထမဆုံးအကြိမ် ရုရှားဝင်ရောက်လာစဉ်က ဖြစ်တယ်”လို့ ပြောပါတယ်။
ဧပြီ ၂၀ ရက်က ယူကရိန်းနိုင်ငံမြို့တော်ကိဗ်မှာ သမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် စတိုလ်တန်ဘာ့ဂ်ရဲ့ မှတ်ချက်ပေးပြောဆိုမှု ထွက်ပေါ်လာတာပါ။
ဇလန်းစကီးက နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကမ်းလှမ်းဖို့ အချိန်တန်ပြီဖြစ်သလို ရုရှားအပေါ် တိုက်ခိုက်နိုင်ရေးအတွက်လည်း နောက်ထပ်လက်နက်တွေ လိုအပ်နေတယ်လို့ ပြောကြားပါတယ်။
ရုရှားရဲ့ ဆောင်းရာသီနဲ့ နွေဦးရာသီထိုးစစ်တွေကို ခုခံနိုင်ခဲ့ပြီးနောက် ရုရှားအနေနဲ့ ယူကရိန်းအရှေ့ပိုင်းမှာ အနည်းငယ်သာ ရှေ့တိုးလာနိုင်ခဲ့ပါတယ်။
မကြာတော့တဲ့အချိန်အတွင်းမှာ ယူကရိန်းကလည်း တန်ပြန်ထိုးစစ်တွေနဲ့အတူ အရှေ့ပိုင်းနဲ့တောင်ပိုင်းက နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား ပစ်ခတ်တဲ့အတွက် အရမ်းခက်ခဲတဲ့ ဆောင်းရာသီမှာ ယူကရိန်း လူ့အဖွဲ့အစည်းအတွက် အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) မဟာမိတ်တွေက နိုဝင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အရပ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားကာ ယူကရိန်းနိုင်ငံသားတွေကို အေးခဲစေပြီး လက်နက်ချ အရှုံးပေးအောင် ကြိုးပမ်းနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာရီက ရိုမေးနီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရောက်လာချိန်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
နေတိုးစစ်မဟာမိတ်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရိုမေးနီးယားမြို့တော် ဘူခါရက်စ်မှာ ဆွေးနွေးပွဲတွေအတွင်း နည်းလမ်းရှာဖွေနေတာပါ။ မကြာခဏ မီးပျက်နေပြီး အပူပိုင်း ပြတ်တောက်မှုတွေကြားမှာ အရပ်သားတွေ ဘေးကင်းစေဖို့ ကူညီပေးနေပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘေယာဘက်ခ်ကတော့ တိုက်ခိုက်မှုတွေဟာ အရပ်သားတွေ သေဆုံးတာနဲ့ ငတ်မွတ်ခေါင်းပါးတာတွေ ဖြစ်စေနိုင်တယ်၊ ပူတင်ဟာ ယူကရိန်း လူ့အဖွဲ့အစည်းရဲ့ ကျောရိုးကို ချိုးဖျက်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောခဲ့ပါတယ်။
“အခြေခံအဆောက်အအုံတွေကို ဒီလိုပစ်မှတ်ထား ဗုံးကြဲခံရတဲ့အခါ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိသားစုတွေ အေးခဲပြီး ရေငတ်တာ ဒါမှမဟုတ် ငတ်သေတာကို တမင်တကာ လက်ခံတာပါပဲ” လို့ သူက ပြောပါတယ်။
ယူကရိန်းအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာကို ရုရှားက အသိအမှတ်ပြုပေမဲ့ အရပ်သားတွေ အန္တရာယ်ဖြစ်အောင် တမင်တကာ ကြိုးပမ်းနေတာဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။