ယူကရိန်းအတွက် အကူအညီများ တိုးမြှင့်ပေးမည်ဟု နေတိုးမဟာမိတ်အဖွဲ့ ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်က စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား ပစ်ခတ်တဲ့အတွက် အရမ်းခက်ခဲတဲ့ ဆောင်းရာသီမှာ ယူကရိန်း လူ့အဖွဲ့အစည်းအတွက် အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) မဟာမိတ်တွေက နိုဝင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အရပ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားကာ ယူကရိန်းနိုင်ငံသားတွေကို အေးခဲစေပြီး လက်နက်ချ အရှုံးပေးအောင် ကြိုးပမ်းနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာရီက ရိုမေးနီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရောက်လာချိန်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
နေတိုးစစ်မဟာမိတ်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရိုမေးနီးယားမြို့တော် ဘူခါရက်စ်မှာ ဆွေးနွေးပွဲတွေအတွင်း နည်းလမ်းရှာဖွေနေတာပါ။ မကြာခဏ မီးပျက်နေပြီး အပူပိုင်း ပြတ်တောက်မှုတွေကြားမှာ အရပ်သားတွေ ဘေးကင်းစေဖို့ ကူညီပေးနေပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘေယာဘက်ခ်ကတော့ တိုက်ခိုက်မှုတွေဟာ အရပ်သားတွေ သေဆုံးတာနဲ့ ငတ်မွတ်ခေါင်းပါးတာတွေ ဖြစ်စေနိုင်တယ်၊ ပူတင်ဟာ ယူကရိန်း လူ့အဖွဲ့အစည်းရဲ့ ကျောရိုးကို ချိုးဖျက်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောခဲ့ပါတယ်။
“အခြေခံအဆောက်အအုံတွေကို ဒီလိုပစ်မှတ်ထား ဗုံးကြဲခံရတဲ့အခါ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မိသားစုတွေ အေးခဲပြီး ရေငတ်တာ ဒါမှမဟုတ် ငတ်သေတာကို တမင်တကာ လက်ခံတာပါပဲ” လို့ သူက ပြောပါတယ်။
ယူကရိန်းအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာကို ရုရှားက အသိအမှတ်ပြုပေမဲ့ အရပ်သားတွေ အန္တရာယ်ဖြစ်အောင် တမင်တကာ ကြိုးပမ်းနေတာဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။