ဖင်လန်နိုင်ငံဟာ ဧပြီ ၄ ရက်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး)နဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး ဖင်လန်နိုင်ငံ ပိုမိုဘေးကင်းပြီး မဟာမိတ်အဖွဲ့ကို ပိုအားကောင်းလာစေမယ့် ခြေလှမ်းတရပ် ဖြစ်လာတယ်လို့ နေတိုးအကြီးအကဲ ယန်းစ်စတော့တန်ဘာ့ဂ်က ဧပြီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် ဖင်လန်နိုင်ငံကို နေတိုးအဖွဲ့နဲ့ ပူးပေါင်းခွင့်ပြုတဲ့ ဥပဒေကြမ်းကို တူရကီလွှတ်တော်က အတည်ပြုပြီး လေးရက်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။
အခုသီတင်းပတ် အစောပိုင်းမှာ အလားတူဥပဒေကြမ်းတရပ်ကို ဟန်ဂေရီလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဖင်လန်ကို အဖွဲ့ဝင်အဖြစ် အတည်ပြုဖို့ နေတိုး မဟာမိတ်အဖွဲ့ဝင် နိုင်ငံ ၃၀ ထဲမှာ တူရကီလွှတ်တော်ဟာ နောက်ဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ပြီးခဲ့တဲ့နှစ်က နေတိုးအဖွဲ့ဆီ ပူးပေါင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကို တူရကီနဲ့ ဟန်ဂေရီတို့က ချုပ်ကိုင်ထားပါတယ်။ နေတိုးအဖွဲ့ဝင်အားလုံးရဲ့ လွှတ်တော်တွေက အဖွဲ့ဝင်သစ်တွေကို အတည်ပြုရမှာပါ။
တူရကီအစိုးရက အကြမ်းဖက်သမားတွေလို့ ယူဆနေသူတွေကို နှိမ်နင်းရာမှာ လုံလောက်တဲ့ အတိုင်းအတာအထိ မရောက်သေးဘူးလို့ တူရကီအစိုးရက ပြောထားတဲ့ ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက်ကို တူရကီက အတည်ပြုနေဆဲ ဖြစ်ပါတယ်။
နေတိုးစစ်မဟာမိတ်အဖွဲ့ထဲ ပါဝင်ဖို့ ဆွီဒင်နိုင်ငံရဲ့ လျှောက်လွှာကို အတည်ပြုမယ်လို့ ယုံကြည်ပေမဲ့ တူရကီအစိုးရရဲ့ တောင်းဆိုချက်အားလုံးကိုတော့ ဖြည့်ဆည်းမပေးနိုင်ဘူးလို့ ဆွီဒင်ဝန်ကြီးချုပ်က ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ လုပ်မယ်လို့ ပြောတာကို လုပ်ပြီးပြီ။ ဒါပေမဲ့ ကျနော်တို့ မလုပ်နိုင်တဲ့ ဒါမှမဟုတ် မပေးချင်တဲ့ အရာတွေကို တူရကီက လိုချင်နေတယ်” လို့ ဆွီဒင်ဝန်ကြီးချုပ် က ဆွီဒင်မှာလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ညီလာခံမှာ ပြောခဲ့ပါတယ်။
ဖင်လန်နဲ့ ဆွီဒင်တို့ဟာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားရာမှာ တူရကီ အစိုးရရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားဖို့ ရည်ရွယ်ပြီး တူရကီနဲ့ ၂၀၂၂ ခုနှစ်မှာ နည်းလမ်းသုံးသွယ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးအဖွဲ့ကို ပူးပေါင်းဖို့ မေလက လျှောက်ထားခဲ့ပေမဲ့ တူရကီက ကန့်ကွက်ပြီး တရားမဝင် ကာဒစ်စတန် အလုပ်သမား ပါတီစစ်သွေးကြွတွေကို လက်ခံထားတဲ့ နိုင်ငံတွေလို့ စွပ်စွဲခဲ့ပါတယ်။