နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီ၏ တောင်းဆိုချက် များလွန်းသဖြင့် မလိုက်လျောနိုင်ဟု ဆွီဒင် ပြော

နေတိုးစစ်မဟာမိတ်အဖွဲ့ထဲ ပါဝင်ဖို့ ဆွီဒင်နိုင်ငံရဲ့ လျှောက်လွှာကို အတည်ပြုမယ်လို့ ယုံကြည်ပေမဲ့ တူရကီအစိုးရရဲ့ တောင်းဆိုချက်အားလုံးကိုတော့ ဖြည့်ဆည်းမပေးနိုင်ဘူးလို့ ဆွီဒင်ဝန်ကြီးချုပ်က ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။
“ကျနော်တို့ လုပ်မယ်လို့ ပြောတာကို လုပ်ပြီးပြီ။ ဒါပေမဲ့ ကျနော်တို့ မလုပ်နိုင်တဲ့ ဒါမှမဟုတ် မပေးချင်တဲ့ အရာတွေကို တူရကီက လိုချင်နေတယ်” လို့ ဆွီဒင်ဝန်ကြီးချုပ် က ဆွီဒင်မှာလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ညီလာခံမှာ ပြောခဲ့ပါတယ်။
ဖင်လန်နဲ့ ဆွီဒင်တို့ဟာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားရာမှာ တူရကီ အစိုးရရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားဖို့ ရည်ရွယ်ပြီး တူရကီနဲ့ ၂၀၂၂ ခုနှစ်မှာ နည်းလမ်းသုံးသွယ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးအဖွဲ့ကို ပူးပေါင်းဖို့ မေလက လျှောက်ထားခဲ့ပေမဲ့ တူရကီက ကန့်ကွက်ပြီး တရားမဝင် ကာဒစ်စတန် အလုပ်သမား ပါတီစစ်သွေးကြွတွေကို လက်ခံထားတဲ့ နိုင်ငံတွေလို့ စွပ်စွဲခဲ့ပါတယ်။