မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုအဖြစ် မရှုမြင်ထားသလို တရုတ်အစိုးရအပေါ် စစ်ရေးအစီအစဉ်တွေ လုပ်မနေဘူးလို့ အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့ ထိပ်တန်း စစ်ဘက်အရာရှိက မေ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်အစိုးရဟာ စိန်ခေါ်မှုကိုသာ ကိုယ်စားပြုတယ်လို့ နေတိုးစစ်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ရော့ဘ် ဘောင်ဝါက သတင်းထောက်တွေကို ပြောပါတယ်။
“ကျနော်တို့ဟာ အကြမ်းဖက်အုပ်စုတွေနဲ့ ရုရှားအပေါ် စစ်ရေးအစီအစဉ်တွေ လုပ်နေတယ်။ သူတို့အပေါ်ကိုပဲ အစီအစဉ်တွေကို အာရုံစိုက်ထားတယ်” လို့ သူက မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်တပ်အကြီးအကဲတွေနဲ့ အစည်းအဝေးအပြီး ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်က နေတိုးဌာနချုပ်မှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲဟာ ခေတ်ဟောင်းလက်နက်တွေနဲ့ သင်တန်းပေးမှု ညံ့ဖျင်းတဲ့ ရုရှားစစ်သည် အင်အားအများအပြားက တဖက်၊ ပိုကောင်းတဲ့ အနောက်တိုင်းလက်နက်တွေနဲ့ သင်တန်းဆင်းထားတဲ့ ယူကရိန်းစစ်တပ်အင်အား နည်းနည်းက တဖက် တိုက်နေတဲ့စစ်ပွဲ ပိုဖြစ်လာလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်က သူပိုင်တယ်လို့ အခိုင်အမာပြောနေတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ သွားရောက်လည်ပတ်အပြီး တရုတ်နဲ့ နေတိုး ဦးဆောင်အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ကြားက ဆက်ဆံရေးဟာ မနှစ်က အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားခဲ့တာပါ။
တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက စစ်တပ်ချင်းကြား ဆက်ဆံရေးလမ်းကြောင်း အပါအဝင် အမေရိကန်နဲ့ တရားဝင်ဆက်ဆံရေးလမ်းကြောင်း အတော်များများကို ပိတ်ပစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ G20 ထိပ်သီးညီလာခံမှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တွေဖြစ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံအပြီး တင်းမာမှု ပြေလျော့ခဲ့သလို မကြာခန ပိုပြီး ဆွေးနွေးဖို့ကိုလည်း ကတိပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလမှာ တရုတ်မိုးပျံဘောလုံးတွေ အမေရိကန် လေပိုင်နက်ထဲ ပေါ်လာချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဆက်ဆံရေး ပြန်တင်းမာခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ရဲ့ အတိတ်ရာဇ၀တ်မှုတွေအပေါ် ပြန်သုံးသပ်ဖို့၊ ဒေသတွင်းတင်းမာမှုတွေကို ရပ်တန့်ဖို့၊ စိတ်ဝမ်းကွဲပြားမှုနဲ့ မတည်ငြိမ်မှုတွေကို ဖန်တီးနေတာတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်က မေလ ၈ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က ၁၉၉၉ ခုနှစ်တုန်းက ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံကို ကျူးကျော်ဝင်ရောက်ချိန်မှာ တရုတ် ဂျာနယ်လစ် သုံးဦး အသတ်ခံရမှု ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ တရုတ်မြို့တော်ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ဝင်ဘင်က အခုလို ပြောလိုက်တာပါ။
၁၉၉၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ယူဂိုဆလားဗီးယား ပြည်ထောင်စု သမ္မတနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကို အမေရိကန် ဦးဆောင်တဲ့ နေတိုး တပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဲဒီမှာ အလုပ်လုပ်နေတဲ့ တရုတ်သတင်းထောက် သုံးဦး သေဆုံးပြီး တရုတ် သံတမန် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အမှန်တရား၊ မျှတမှုနဲ့ တရားမျှတမှုကို ခုခံကာကွယ်ဖို့၊ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို တရုတ်ပြည်သူတွေက မေ့လျော့ကြမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
နေတိုးဟာ ဒေသတွင်း ကာကွယ်ရေးအဖွဲ့အစည်းအဖြစ် အခိုင်အမာဆိုနေပေမယ့် ဒေသတွင်း တင်းမာမှုတွေကို အရှိန်မြှင့်ပြီး အစုအဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဖန်တီးနေတယ်လို့လည်း သူက ပြောပါတယ်။
စစ်အေးတိုက်ပွဲပြီးနောက်၊ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့တွေဟာ ပဋိပက္ခတွေကို အကြိမ်ကြိမ် မီးမွှေးခဲ့ပါတယ်။ မပြည့်စုံတဲ့ စာရင်းဇယားတွေအရ နေတိုးက ၂၀၀၁ ခုနှစ် နောက်ပိုင်းတည်းက စတင်ခဲ့တဲ့ စစ်ပွဲတွေမှာ လူပေါင်း ရာထောင်နဲ့ချီ သေဆုံးပြီး သန်းပေါင်း ဆယ်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝမ်က ပြောခဲ့ပါတယ်။
မကြာသေးမီက နေတိုးအဖွဲ့က အာရှ-ပစိဖိတ်ဒေသဆီ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားခဲ့တယ်၊ အစုအဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို နှိုးဆွခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပျက်ပြားစေခဲ့တယ်လို့ ဝမ်ကပြောပါတယ်။
“သူတို့ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ သတိရှိမှု မြင့်လာအောင် နှိုးဆော်ခဲ့တယ်။ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့အနေနဲ့ သူ့ရဲ့ ရာဇ၀တ်မှုတွေကို စိတ်အား ထက်ထက်သန်သန် ဆင်ခြင်သုံးသပ်သင့်ပြီး ခေတ်မမီတော့တဲ့ စစ်အေးကာလ စိတ်ဓာတ်ကို လုံးဝစွန့်လွှတ်ရင်း ဒေသတွင်းတင်းမာမှုတွေ ရပ်တန့်ဖို့၊ မငြိမ်မသက်မှုတွေ၊ ဥရောပနဲ့ ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုနဲ့ ရေရှည်ငြိမ်းချမ်းရေးကို အမှန်တကယ်မြှင့်တင်ဖို့ တစ်ခုခုလုပ်ပါ” လို့ ဝမ်က ပြောခဲ့ပါတယ်။