နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်လ်ကို စွဲဆိုထားတဲ့ အမှုနှစ်ခုအတွက် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ စက်တင်ဘာ ၂၃ရက် ဒီမနက် ၁၀ နာရီမှာ စတင်ရုံးထုတ်ခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်လ်ကို စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲခဲ့တာပါ။
ပါမောက္ခရှောင်တာနယ်လ်ကိုစွဲဆိုထားတဲ့ လျှို့ဝှက်ချက်ဉပဒေပုဒ်မအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ကိုလည်း စစ်ကောင်စီက အမှုတွဲအဖြစ် တရားစွဲထားပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားစွဲခံရသူတွေရဲ့ရှေ့နေတွေကို တရားရုံးက ကိုယ်စားလှယ်လွှဲခွင့် ပေးခဲ့ပါတယ်။
ရှေ့နေ ဦးခင်မောင်ဇော်က "စက်တင်ဘာ ၂၃ ရက် ဒီနေ့ရုံးချိန်းမှာ ပါမောက္ခရှောင်တာနယ်လ်၊ ၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ လေးဦးကို ကိုဗစ်အကာအကွယ်တွေနဲ့ရုံး ထုတ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အွန်လိုင်းကနေ ဗီဒီယိုနဲ့ရုံးချိန်းမှာ ပါဝင်ခဲ့ပါတယ်။ သူတို့လေးယောက်စလုံးကိုကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပေါက်ပြီး ယဲ့ယဲ့လေးဖြစ်နေတယ်" လို့ ပြောပါတယ်။
ပါမောက္ခရှောင်တာနယ်လ်ရဲ့ အမှုတွေကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်။ နောက်ရုံးချိန်းကို စက်တင်ဘာ ၃၀ ကြာသပတေးနေ့မှာပြန်ခေါ်ထားပြီး နှစ်ဖက်ကြားနာမှုတွေစတင်မှာဖြစ်ပါတယ်။
ပါမောက္ခရှောင်တာနယ်လ်ကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက အတည်ပြုချက်မထုတ်ပြန်ခဲ့ပါဘူး။
ပါမောက္ခရှောင်တာနယ်လ်ကို နောက်ထပ်စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုကတော့ အာဏာသိမ်းပြီးချိန်မှာ ဥပဒေမဲ့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် စွဲဆိုတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တာနယ်လ်ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမဲ့ စစ်ကောင်စီက လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီး တရားစွဲဆိုနေတာဖြစ်ပါတယ်။
Photo-Sean Turnell
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီး တရားစွဲဆိုခံ ထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင်လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပါမောက္ခ ရှောင်တာနယ်လ်ကို ရုံးတင်စစ်ဆေးမယ့်နေရာကို ပြောင်းလဲဖို့ မြန်မာတရားရုံးက သဘောတူလိုက်တယ်လို့ ရှေ့နေတွေက ပြောတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။
မစ္စတာ ရှောင်တာနယ်လ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး မတ်လမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အစိုးရ၀န်ကြီးဟောင်း သုံးဦးတို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခံထားရတာပါ။
တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အရ ရှောင်တာနယ်လ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ နေပြည်တော်ကို တရားခွင်ကိုရွှေ့ပြောင်းမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ပြောပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေ အများစုကို တနေရာတည်းမှာပဲ တစုတစည်းတည်း ဖြစ်သွားစေမှာပါ။
စစ်တပ်ရဲ့အမိန့်အတိုင်း လုပ်ဆောင်ရတဲ့ အမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့နဲ့ နိုင်ငံရေးထဲကို ပြန်ဝင်မလာအောင်ကြိုးပမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရတာပါ။
သြစတြေးလျပညာရှင် ရှောင်တာနယ်လ်ဟာ နိုင်ငံရဲ့လျှို့ဝှက် ဘဏ္ဍာရေးအချက်အလက်တွေကို ယူပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်တွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပေမယ့်လည်း မစ္စတာ ရှောင်တာနယ်လ်နဲ့ တခြားသူတွေကို စွပ်စွဲထားတဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
REF & photo Credti- AP