နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်၀န် ဦးရဲမင်းဦးအပြင် နေပြည်တော်စည်ပင်ကော်မတီ၀င် ဦးဆန်းနိုင်ကိုပါ စစ်ကောင်စီက အဂတိမှုတွေနဲ့ ထပ်မံ အမှုဖွင့်လိုက်ကြောင်း ဧပြီ ၁၉ ရက်မှာ စစ်ကောင်စီဩဇာခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနဲ့ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ကော်မတီဝင် ဦးဆန်းနိုင်တို့ဟာ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်တာနဲ့ ရေပိုက်လိုင်းသွယ်တာမှာ မြေကွက်ရောင်းချရငွေမှ ငွေကျပ် သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့တာ၊ အဆိုပါမြေကွက်တွေကို ကော်မတီအနေနဲ့ လုပ်ပေးဖို့မလိုတဲ့ မြေကြီး Level ညှိပေးတာကြောင့် ငွေကျပ်သိန်း ၇၈၀၀ ကျော်နဲ့ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရကျောင်းအနီး မြေကွက် ၃၅ ကွက် ဖော်ထုတ်တာမှာလည်း ကော်မတီအနေနဲ့ လုပ်ပေးဖို့ မလိုတဲ့ မြေကြီး Level ညှိပေးခဲ့တာကြောင့် ကျပ်သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်းလို့ ပါရှိပါတယ်။
ဒါ့အပြင် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့ တော်ဝန် ဦးရဲမင်းဦးတို့ဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မယ့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုချထားပေးခဲ့တာမှာ သမ္မတရုံးကို မတင်ပြသလို စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest- EOI)မခေါ်ဘဲ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ကျပ် သိန်း ၅၀၀ ခန့်နဲ့ နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီးရှိ မြေဧက ၅ ဧကကျော်ကို Shopping Mall ဖွင့်ဖို့ ကုမ္ပဏီတစ်ခုကို ရောင်းချပေးတာမှာလည်း ကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ဆေးပေါ်ပေါက်တာကြောင့် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ကော်မတီဝင် ဦးဆန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆို အရေးယူဖို့ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရသူတွေဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။
စစ်ကောင်စီဟာ အာဏာစသိမ်းပြီးကတည်းက နိုင်ငံခေါင်းဆောင်တွေအပါအဝင် အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ မြို့တော်ဝန်တွေကို ဖမ်းဆီးပြီး အဂတိမှုအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့်ထားတာဖြစ်ပေမဲ့ အဂတိလိုက်စားထားတဲ့ သက်သေအထောက်အထား တခုမှ ပြသနိုင်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ဟာ နေပြည်တော် အချုပ်အထောင်အတွင်းမှာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးရုံတက်ရောက် ကုသရမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါက်တာမျိုးအောင်အနေနဲ့ ဆီးကြိတ်ရောင်ရောဂါနဲ့ လိပ်ခေါင်းရောဂါ ဝေဒနာတွေ ခံစားနေတဲ့အတွက် ဆေးရုံတက်ရောက်ကုသဖို့ စီစဉ်နေပြီး ဘယ်ဆေးရုံမှာ တက်ရောက်မယ် ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီက ဒေါက်တာမျိုးအောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲစွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွက် မြေနေရာချထားပေးတာမှာလည်း စစ်ကောင်စီက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားပါသေးတယ်။
အလားတူ ဒေါက်တာမျိုးအောင်ကို ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံတာနဲ့ ပတ်သက်လို့ အဂတိလိုက်စားတယ်ဆို ပြီး တရားစွဲဆိုထားပါသေးတယ်။
ဒီအမှုအတွက် တရားလိုပြသက်သေတဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကတော့ ကိုယ့်သဘောနဲ့ ကိုယ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။