close

နေပြည်တော်မြို့တော်ဝန်၊ ဒုမြို့တော်၀န်နှင့် စည်ပင်ကော်မတီ၀င် ၁ ဦးတို့ကို အဂတိမှုဖြင့် စစ်ကောင်စီ ထပ်မံအမှုဖွင့်

နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်၀န် ဦးရဲမင်းဦးအပြင် နေပြည်တော်စည်ပင်ကော်မတီ၀င် ဦးဆန်းနိုင်ကိုပါ စစ်ကောင်စီက အဂတိမှုတွေနဲ့ ထပ်မံ အမှုဖွင့်လိုက်ကြောင်း ဧပြီ ၁၉ ရက်မှာ စစ်ကောင်စီဩဇာခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနဲ့ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ကော်မတီဝင် ဦးဆန်းနိုင်တို့ဟာ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်တာနဲ့ ရေပိုက်လိုင်းသွယ်တာမှာ မြေကွက်ရောင်းချရငွေမှ ငွေကျပ် သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့တာ၊ အဆိုပါမြေကွက်တွေကို ကော်မတီအနေနဲ့ လုပ်ပေးဖို့မလိုတဲ့ မြေကြီး Level ညှိပေးတာကြောင့် ငွေကျပ်သိန်း ၇၈၀၀ ကျော်နဲ့ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရကျောင်းအနီး မြေကွက် ၃၅ ကွက် ဖော်ထုတ်တာမှာလည်း ကော်မတီအနေနဲ့ လုပ်ပေးဖို့ မလိုတဲ့ မြေကြီး Level ညှိပေးခဲ့တာကြောင့် ကျပ်သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်းလို့ ပါရှိပါတယ်။

ဒါ့အပြင် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့ တော်ဝန် ဦးရဲမင်းဦးတို့ဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မယ့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုချထားပေးခဲ့တာမှာ သမ္မတရုံးကို မတင်ပြသလို စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest- EOI)မခေါ်ဘဲ  အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ကျပ် သိန်း ၅၀၀ ခန့်နဲ့ နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီးရှိ မြေဧက  ၅ ဧကကျော်ကို Shopping Mall ဖွင့်ဖို့ ကုမ္ပဏီတစ်ခုကို ရောင်းချပေးတာမှာလည်း  ကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ဆေးပေါ်ပေါက်တာကြောင့်  မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ကော်မတီဝင် ဦးဆန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆို အရေးယူဖို့ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရသူတွေဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းပြီးကတည်းက  နိုင်ငံခေါင်းဆောင်တွေအပါအဝင်  အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ မြို့တော်ဝန်တွေကို ဖမ်းဆီးပြီး အဂတိမှုအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့်ထားတာဖြစ်ပေမဲ့ အဂတိလိုက်စားထားတဲ့ သက်သေအထောက်အထား တခုမှ ပြသနိုင်ခြင်းမရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up