ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ကြောင်း တစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ PDF နဲ့ နီးစပ်သူတစ်ဦးက “နောင်ချို- မိုးကုတ်ကြားမှာ အခြေချလှုပ်ရှားနေနဲ့ ကျမတို့ ရှမ်းမြောက် PDF စစ်ကြောင်းကို စစ်ကောင်စီက လေယာဉ် နှစ်စီးနဲ့ အတွဲလိုက်ဗုံးလည်းကြဲတယ်။ လေယာဉ်မှာတဲ့ စက်သေနတ်နဲ့လည်း ပစ်တယ်။ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက ကလေးတွေ ဘေးကင်းရာကို ရွေ့နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်သွားတဲ့ PDF တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တပ်ရင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
နောင်ချိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိတာကြောင့် အခုလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာလို့ PDF နဲ့ နီးစပ်သူတွေကဆိုပါတယ်။
“အခု PDFစစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျဆုံးတွေရှိတယ်။ PDF ဘက်ကလည်း ကလေး တစ်ယောက် ပေါင်မှာ ဒဏ်ရာရတယ်။ ဒါ့ကြောင့် စစ်တပ်က လေယာဉ်နဲ့ လာဗုံးကြဲတာ။”
လက်ရှိလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီနေ့ နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဟာ မိုးကုတ်မြို့ကောင်းကင်ယံကနေ ဖြတ်သန်းသွားပြီးနောက်ပိုင်း မိုးမိတ်မြို့နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ဒေသတွင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
“မိုးကုတ်မြို့ပေါ်ကနေ အနိမ့်ပျံသွားတယ်။ ကောင်းကင်မှာ နှစ်ပတ် သုံးပတ်လည်ပတ်သွားတယ်။ စစ်တပ်က ဂျက်နှစ်စီးပါ။ မိုးမိတ်မြို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့လည်း ကြားရတယ်။ ဘယ်နားဖြစ်လည်းတော့ မသိဘူး”လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ်အတွင်းက ရတနာသိင်္ဂီရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မန္တ လေးပြည်သူကာကွယ်ရေးတပ် (MPDF)တို့ ပြီးခဲ့တဲ့ ဇူလိုင်လက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့ အခြေစိုက်တပ်ရင်းကို ပြည်သူကာကွယ်ရေးတပ်(PDF)တွေက သြဂုတ်လအတွင်းက ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
လက်ရှိ အဆိုပါဒေသဘက်တွေကို စစ်ကောင်းစီတပ်တွေက အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းတွေ ဖြန့်ခွဲပြီး ဝိုင်းပိတ်ဆို့ ထိုးစစ်ဆင်နေပါတယ်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ကျေးရွာတွေမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတွေဟာ ပြည်သူလူထုပိုင် ဈေးဆိုင်တွေကနေ အဓမ္မခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အဓမ္မလုယူနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒေသခံတဦးက “စစ်တပ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်အစပ်က ကျေးရွာတွေမှာ အခုနောက်ပိုင်း အင်အားတိုးချလာတယ်။ ရွာဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စခန်းချကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘန့်ဘွေးက စျေးဆိုင်တဆိုင်၊ ဆမ်ဆယ်ရွာက စျေးဆိုင်တဆိုင်ကနေ သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်း၊ အရက်၊ ဘီယာအပြင် တခြားစားသောက်ကုန်တွေကို ဓားပြတိုက်သလို ကားနဲ့ လာသယ်သွားတယ်။ ခြိမ်းခြောက်ပြောဆိုတာလည်းရှိတယ်။ ဆိုင်ရှင်တွေက မပြောရဲဘူး ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ်” လို့ ပြောတယ်။
နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီ သတ္တုမိုင်းရှိရာ ကျေးရွာနဲ့ အနီးနားကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူကာကွယ်ရေးတပ်( MPDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီနှစ် ဇူလိုင်လပိုင်းကစလို့ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ကကျေးရွာမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ လာတာဖြစ်ပါတယ်။
တပ်စခန်းချရာ ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ စျေးဆိုင်ပိုင်ရှင်တွေကို ခြိမ်းခြောက် ပြောဆိုပြီး လိုချင်ရာ ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အဓမ္မယူဆောင်နေတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“အရင်ကတော့ ကျနော်တို့ဘက်က ကျေးရွာတွေမှာ စစ်တပ်က လာအထိုင်ချတာမရှိဘူး။ ရတနာသိင်္ဂီဘက်မှာ MPDF နဲ့ တိုက်ပွဲဖြစ်မှ စစ်တပ်က ကျနော်တို့ဘက်ရွာတွေမှာ အင်အားတိုးချဲ့ အထိုင်ချလာတာဖြစ်တယ်။ ဒီတော့ ရွာစျေးဆိုင်တွေ ပေါ်တင်ကြီး အလုခံနေရတာပေါ့။ ဘယ်မှ တိုင်လို့လည်းမရဘူး၊ ဘယ်သူမှလည်း အရေးယူပေးမှာ မဟုတ်ဘူး။”
ဒါ့အပြင် နေ့စဉ်စျေးလှည့်ရောင်းနေတဲ့ ဆိုင်ကယ်စျေးသည်တွေကိုလည်း စစ်ကောင်စီတပ်က မသင်္ကာရင် ဖမ်းဆီးရိုက်နှက်နေတယ်လို့ နှိပ်စက်ခံရသူနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
“ဒေသခံဆိုင်ကယ်စျေးသည်တွေကိုလည်း မထင်ရင် မထင်သလိုခေါ်ရိုက်တယ်ဗျာ။ ခြိမ်းခြောက်တယ်ဗျာ။ ကျနော် သူငယ်ချင်း ဆိုင်ကယ်စျေးသည် သူရောင်းနေကြ ရွာတွေပတ်ပြီး စျေးရောင်းတယ်။ သူစျေးရောင်းနေတဲ့ ရွာတစ်ရွာမှာ စစ်တပ်ရောက်နေမှန်းမသိဘဲ ပုံမှန်အတိုင်း စျေးရွာရောင်းတယ်။ ဖမ်းပြီး စစ်တပ်ကရိုက်တယ်။ သူ ဒီနယ်မှာ ကျေးရွာပတ်ပြီးစျေးရောင်းနေတာ ကြာလှ ပြီးသူ့ကို မသိတဲ့သူမရှိဘူး။ ဒေသခံလည်းဖြစ်တယ်။”
နောင်ချိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူကာ ကွယ်ရေးတပ်( MPDF)တို့ကြား ဒီနှစ် ဇူလိုင်လအတွင်း အနည်းဆုံး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။
နောင်ချိုမြို့မှာရှိတဲ့ မြို့မိ၊ မြို့ဘ၊ ပရဟိတသမား၊ လုပ်ငန်းရှင်၊ CDM ၀န်ထမ်းအပါအ၀င် လူငယ် ၁၄ ယောက်ကျော်ကို PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးတာလည်း ရှိခဲ့ပါတယ်။