close

နောင်ချိုမြို့နယ် ကျေးရွာများ၌ စစ်တပ်က ပြည်သူပိုင်ဈေးဆိုင်များကို ခြိမ်းခြောက် ပစ္စည်းလု

ဓာတ်ပုံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်သားများ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ကျေးရွာတွေမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတွေဟာ ပြည်သူလူထုပိုင် ဈေးဆိုင်တွေကနေ အဓမ္မခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အဓမ္မလုယူနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်တပ်  မန္တလေးတိုင်းနဲ့ ရှမ်းပြည်အစပ်က ကျေးရွာတွေမှာ အခုနောက်ပိုင်း အင်အားတိုးချလာတယ်။ ရွာဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စခန်းချကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘန့်ဘွေးက စျေးဆိုင်တဆိုင်၊ ဆမ်ဆယ်ရွာက စျေးဆိုင်တဆိုင်ကနေ သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်း၊ အရက်၊ ဘီယာအပြင် တခြားစားသောက်ကုန်တွေကို ဓားပြတိုက်သလို ကားနဲ့ လာသယ်သွားတယ်။ ခြိမ်းခြောက်ပြောဆိုတာလည်းရှိတယ်။ ဆိုင်ရှင်တွေက မပြောရဲဘူး ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ်” လို့ ပြောတယ်။

နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီ သတ္တုမိုင်းရှိရာ ကျေးရွာနဲ့ အနီးနားကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူကာကွယ်ရေးတပ်( MPDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီနှစ် ဇူလိုင်လပိုင်းကစလို့ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ကကျေးရွာမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ လာတာဖြစ်ပါတယ်။

တပ်စခန်းချရာ ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ စျေးဆိုင်ပိုင်ရှင်တွေကို ခြိမ်းခြောက် ပြောဆိုပြီး လိုချင်ရာ ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို အဓမ္မယူဆောင်နေတာလို့ ဒေသခံ တယောက်က ပြောပါတယ်။

“အရင်ကတော့ ကျနော်တို့ဘက်က ကျေးရွာတွေမှာ စစ်တပ်က လာအထိုင်ချတာမရှိဘူး။ ရတနာသိင်္ဂီဘက်မှာ MPDF နဲ့ တိုက်ပွဲဖြစ်မှ စစ်တပ်က ကျနော်တို့ဘက်ရွာတွေမှာ အင်အားတိုးချဲ့ အထိုင်ချလာတာဖြစ်တယ်။ ဒီတော့ ရွာစျေးဆိုင်တွေ ပေါ်တင်ကြီး အလုခံနေရတာပေါ့။ ဘယ်မှ တိုင်လို့လည်းမရဘူး၊ ဘယ်သူမှလည်း အရေးယူပေးမှာ မဟုတ်ဘူး။”

ဒါ့အပြင် နေ့စဉ်စျေးလှည့်ရောင်းနေတဲ့ ဆိုင်ကယ်စျေးသည်တွေကိုလည်း စစ်ကောင်စီတပ်က မသင်္ကာရင် ဖမ်းဆီးရိုက်နှက်နေတယ်လို့ နှိပ်စက်ခံရသူနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

“ဒေသခံဆိုင်ကယ်စျေးသည်တွေကိုလည်း မထင်ရင် မထင်သလိုခေါ်ရိုက်တယ်ဗျာ။ ခြိမ်းခြောက်တယ်ဗျာ။ ကျနော် သူငယ်ချင်း ဆိုင်ကယ်စျေးသည် သူရောင်းနေကြ ရွာတွေပတ်ပြီး စျေးရောင်းတယ်။ သူစျေးရောင်းနေတဲ့ ရွာတစ်ရွာမှာ စစ်တပ်ရောက်နေမှန်းမသိဘဲ ပုံမှန်အတိုင်း စျေးရွာရောင်းတယ်။ ဖမ်းပြီး စစ်တပ်ကရိုက်တယ်။ သူ ဒီနယ်မှာ ကျေးရွာပတ်ပြီးစျေးရောင်းနေတာ ကြာလှ ပြီးသူ့ကို မသိတဲ့သူမရှိဘူး။ ဒေသခံလည်းဖြစ်တယ်။”

နောင်ချိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူကာ ကွယ်ရေးတပ်( MPDF)တို့ကြား ဒီနှစ် ဇူလိုင်လအတွင်း အနည်းဆုံး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ 

နောင်ချိုမြို့မှာရှိတဲ့ မြို့မိ၊ မြို့ဘ၊ ပရဟိတသမား၊ လုပ်ငန်းရှင်၊ CDM ၀န်ထမ်းအပါအ၀င် လူငယ် ၁၄ ယောက်ကျော်ကို PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးတာလည်း ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up