ကချင်ပြည်နယ် နောင်မွန်မြို့က ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ရဲတွေက ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ၀န်းကျင်လောက်မှာ မတရားဖမ်းဆီးသွားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်နဲ့ရဲတွေ ဒီနေ့ ဖမ်းလိုက်တဲ့လူငယ်က သူ့ဘာသာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး အေးဆေးနေတဲ့လူငယ် ဖြစ်ပါတယ်။ အရင်တလောက သိက္ခာတော်ရဓမ္မဆရာ ၃ ပါး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ မနက်ဖြန် ပူတာအိုကို လွှဲမယ် သိရတယ်။”
ပူတာအို ဒေသခံလူငယ်တွေ မတရားဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ခုလိုပြောပါတယ်။
“အခုလို လူငယ်တွေကို မတရားလိုက်ဖမ်းနေတဲ့ လုပ်ရပ်ဟာ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုကို မလိုလားဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ပူတာအိုဒေသကို တည်ငြိမ်စေချင်ရင် အခုလို အေးချမ်းစွာနေတဲ့ လူငယ်တွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး လိုက်ဖမ်းနေတာကို လုံးဝ ရပ်တန်းက ရပ်သင့်တယ်။”
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး မတရားဖမ်းဆီးခံရတဲ့ ပူတာအိုဒေသခံလူငယ် ၄၀ ကျော်ရှိပြီး ပူတာအိုအကျဉ်းထောင်မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရကာ တချို့ကတော့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ခါကန်ဘိုတောင်ခြေ၊ နောင်မွန်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၃၁ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်က မီးရှို့ဖျက်ဆီးခံရတယ်လို့ နောင်မွန် ဒေသခံတွေထံက သိရပါတယ်။
နောင်မွန်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေတိုးလာလို့ မြို့အ၀င် စစ်ဆေးရေးဂိတ်ထားရှိတာဖြစ်ပေမဲ့ စစ်ကောင်စီက ဒီဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို မတရားသဖြင့် အာဏာကိုအသုံးချလို့ မီးရှုံ့ဖျက်ဆီးခံရတယ်လို့ ဒေသခံက ပြောပါတယ်။
"နောင်မွန် ဒေသခံပြည်သူတွေက မြို့အဝင်ဂိတ်ကိုဖြတ်ပြီး လယ်ယာလုပ်ကိုင်စားသောက်နေ ရတာဖြစ်တယ်။ အဲ့ဒီအ၀င်ဂိတ်ကို အာဏာသိမ်းစစ်ကောင်စီနဲ့နီးစပ်သူတွေကိုတော့ ဖြတ်သန်း သွားလာခွင့်ပြုတယ်။ တခြားဒေသခံတွေကို သွားခွင့်မပြုတဲ့အတွက် သွားလာဖို့ အရမ်းခက်တယ်။ နောင်မွန်ပြည်သူတွေအတွက် တရားမျှတမှုမရှိလို့ မကျေနပ်တဲ့သူတွေ မီးရှို့သွားတာ ဖြစ်မယ်၊”။
မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံးသော မြို့နယ်ဖြစ်တဲ့ နောင်မွန်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံသူတချို့က တစ်အိမ်ကိုတစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ် သင်တန်း တက်နေကြပါတယ်။