ယူကရိန်းနိုင်ငံရှိ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားစက်ရုံကို ရုရှားရဲ့ပစ်ခတ်မှုကြောင့် နာရီပေါင်းများစွာ လျှပ်စစ်ပြတ်တောက်သွားခဲ့ပြီး ကမ္ဘာကြီးဟာ ဓာတ်ရောင်ခြည်ကပ်ဘေး ကနေ သီသီလေး လွတ်သွားခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
သြဂုတ် ၂၅ ရက်က ရုရှားရဲ့ပစ်ခတ်မှုကြောင့် အနီးနားရှိ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး ဓာတ်ပေါင်းဖို အဆောက်အအုံကို ဓာတ်အားလိုင်းကနေ ဖြတ်တောက်ခဲ့သလို လျှပ်စစ်မီးလည်း ပြတ်တောက်သွားရကြောင်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဩဂုတ် ၂၆ ရက် မနက်ခင်းမှာတော့ ကိယက်ဗ်မြို့ခံ အများစုဟာ မီးပျက်တာနဲ့ ယာယီဓာတ်အားပြတ်တောက်တာထက် နျူကလီးယား ခြိမ်းခြောက်မှုတွေအတွက် စိုးရိမ်နေကြပြီး ဓာတ်ရောင်ခြည် ဘေးသင့်နိုင်ခြေတွေကို အထိတ်တလန့် ဖြစ်နေခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါဟာ ၆ လကြာ စစ်ပွဲအတွင်း အန္တရာယ်ပြင်းထန်တဲ့ နေရာတခု ဖြစ်လာခဲ့တဲ့ စက်ရုံမှာ ပထမဆုံး လုံးဝ မီးပြတ်ကျသွားတာပဲလို့ မြို့ခံ အီနာဂွာတွမ်က ပြောပါတယ်။
ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားဟာ ဇာပိုရစ်ချ်ဇီယာ နျူစက်ရုံကို မတ်လမှာ သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ လုံးဝထိန်းချုပ်ခဲ့ပေမဲ့ ယူကရိန်းပညာရှင်တွေက စက်ရုံကို ဆက်လည်ပတ်နေခဲ့တာပါ။
ရုရှားနဲ့ ယူကရိန်းတို့ဟာ အဲဒီနေရာ ပစ်ခတ်မှုကို အပြန်အလှန် စွပ်စွဲထားကြပြီး နျူကလီးယား ဘေးအန္တရာယ်ကို ကြောက်ရွံ့နေရပါတယ်။
ကုလသမဂ္ဂက အဲဒီစက်ရုံကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီနယ်မြေဧရိယာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တာဝန်ရှိသူတွေဟာ ဇာပိုရစ်ချ်ဇီယာကို သွားရောက်နိုင်ရေးအတွက် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖလ် ဂရော့ဆီက သြဂုတ် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ရပ်နားထားတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်စတင်လည်ပတ်မှာဖြစ်ပြီး မျိုးဆက်သစ်ဓာတ်ပေါင်းဖိုတွေ ဖွံ့ဖြိုးလာအောင် လုပ်သွားမယ်လို့ ဂျပန်၀န်ကြီးချုပ် ဖှုမိအို ခိရှိဒါက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
ဖူကူရှီးမားနျူကလီးယား ကပ်ဘေးဖြစ်ခဲ့အပြီး ဆယ်စုနှစ်တစ်ခုကြာချိန်မှာ နျူကလီးယား စွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲလို့လည်း ပြောပါတယ်။
နိုင်ငံတဝန်း ခွင့်ပြုချက်ရပြီးသားဖြစ်တဲ့ ဓာတ်ပေါင်းဖိုတွေကို ပြန်စဖို့၊ ဂျပန်နိုင်ငံအနေနဲ့ အပြည့်အဝ လုပ်ဆောင်သွားမှာပါ”လို့ ဝန်ကြီးချုပ်က ဂျပန်ရဲ့ GX အကောင်အထည်ဖော်ရေးကောင်စီ အစည်းအဝေးမှာ အရာရှိတွေကို ပြောခဲ့တာပါ။
GX ကောင်စီဟာ တိုင်းပြည်စီးပွားရေးမှာ ကာဗွန်လျှော့ချရေး အဓိကလုပ်ဆောင်နေတာပါ။ ဝန်ကြီးချုုပ် ခိရှိဒါရဲ့ မှတ်ချက်တွေဟာ ယူကရိန်း အကျပ်အတည်းနဲ့ စွမ်းအင်ကုန်ကျစရိတ်တွေ မြင့်လာလို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ မူဝါဒကို ပြန်လည်တွေးတောသုံးသပ်ပုံတွေကို မီးမောင်းထိုးပြထားပါတယ်။
၂၀၁၁ ခုနှစ်မှာ ငလျင်နဲ့ ဆူနာမီကြောင့် ဖှုခုရှီးမားဒိုင်းအိချိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ ရေဒီယိုသတ္တိကြွခဲ့ရာက နျူကလီးယား ကပ်ဘေးဖြစ်ခဲ့လို့ ဂျပန်နိုင်ငံဟာ နျူကလီးယားစက်ရုံအများစုကို ရပ်နားထားခဲ့ပါတယ်။