close

ဇာပိုရစ်ချ်ဇီယာနျူကလီးယားစက်ရုံကို ရုရှားပစ်ခတ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်

ယူကရိန်းနိုင်ငံရှိ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားစက်ရုံကို ရုရှားရဲ့ပစ်ခတ်မှုကြောင့်  နာရီပေါင်းများစွာ လျှပ်စစ်ပြတ်တောက်သွားခဲ့ပြီး  ကမ္ဘာကြီးဟာ ဓာတ်ရောင်ခြည်ကပ်ဘေး ကနေ သီသီလေး လွတ်သွားခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။

သြဂုတ် ၂၅ ရက်က ရုရှားရဲ့ပစ်ခတ်မှုကြောင့် အနီးနားရှိ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး ဓာတ်ပေါင်းဖို အဆောက်အအုံကို ဓာတ်အားလိုင်းကနေ ဖြတ်တောက်ခဲ့သလို လျှပ်စစ်မီးလည်း ပြတ်တောက်သွားရကြောင်း သမ္မတ ဇလန်းစကီးက ‌ပြောပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ခင်းမှာတော့ ကိယက်ဗ်မြို့ခံ အများစုဟာ မီးပျက်တာနဲ့ ယာယီဓာတ်အားပြတ်တောက်တာထက် နျူကလီးယား ခြိမ်းခြောက်မှုတွေအတွက် စိုးရိမ်နေကြပြီး ဓာတ်ရောင်ခြည် ဘေးသင့်နိုင်ခြေတွေကို အထိတ်တလန့် ဖြစ်နေခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါဟာ ၆ လကြာ စစ်ပွဲအတွင်း အန္တရာယ်ပြင်းထန်တဲ့ နေရာတခု ဖြစ်လာခဲ့တဲ့ စက်ရုံမှာ ပထမဆုံး လုံးဝ မီးပြတ်ကျသွားတာပဲလို့  မြို့ခံ အီနာဂွာတွမ်က ပြောပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားဟာ ဇာပိုရစ်ချ်ဇီယာ နျူစက်ရုံကို မတ်လမှာ သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ လုံးဝထိန်းချုပ်ခဲ့ပေမဲ့ ယူကရိန်းပညာရှင်တွေက စက်ရုံကို ဆက်လည်ပတ်နေခဲ့တာပါ။

ရုရှားနဲ့ ယူကရိန်းတို့ဟာ အဲဒီနေရာ ပစ်ခတ်မှုကို အပြန်အလှန် စွပ်စွဲထားကြပြီး နျူကလီးယား ဘေးအန္တရာယ်ကို ကြောက်ရွံ့နေရပါတယ်။

ကုလသမဂ္ဂက အဲဒီစက်ရုံကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီနယ်မြေဧရိယာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တာဝန်ရှိသူတွေဟာ ဇာပိုရစ်ချ်ဇီယာကို သွားရောက်နိုင်ရေးအတွက် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖလ် ဂရော့ဆီက သြဂုတ် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

//
Up