အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် ICBM အသစ်တွေ တည်ဆောက်ဖို့အပြင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက် အများအပြားထုတ်လုပ်ဖို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRTက ဇန်နဝါရီလ ၁ ရက်မှာ ပြောပါတယ်။
အာဏာရအလုပ်သမားပါတီရဲ့ အဓိကအစည်းအဝေးပွဲတခုမှာ ကင်မ်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို အဆင့်မြှင့်တင်ဖို့နဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ၊ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ "စစ်ရေးအာဏာအရ လွှမ်းမိုးမှု" ရှိတဲ့အထိ သေချာအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အသားပေး ပြောကြားခဲ့တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားကို အထီးကျန်စေဖို့နဲ့ မွန်းကြပ် အောင်ပိတ်ဆို့ဖို့ ပူးပေါင်းကြံစည်နေကြတယ်လို့ ကင်မ်က စွပ်စွဲခဲ့ပြီး ဒါမျိုးလူသားသမိုင်းမှာ မရှိခဲ့ဘူးလို့လည်း ညွှန်းဆိုပါတယ်။
မြောက်ကိုးရီးယားက အရှေ့ဘက်ကမ်းလွန်ဒေသကို တာတိုပစ်ပဲ့ထိန်းဒုံးကျည် တစင်းနဲ့ နှစ်သစ်ကူး နေ့ညက ရှားရှားပါးပါး ပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဒီသတင်းတင်ဆက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
မကြာသေးမီက ရက်သတ္တပတ်တွေအတွင်းက မော်စကိုကနေ သိမ်းပိုက်ကြောင်း ကြေညာထားတဲ့ ယူကရိန်းဒေသ ၄ ခုကို ရုရှားရဲ့နျူကလီးယားလက်နက် အကာအကွယ်အောက်မှာ ထားရှိတယ်လို့ ကရင်မလင်နန်းတော်က အောက်တိုဘာလ ၁၈ မှာ ပြောပါတယ်။
“ဒီနယ်မြေအားလုံးဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ခွဲထွက်လို့မရနိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အဲဒီဒေသအားလုံးရဲ့ လုံခြုံရေးကို ကျန်တဲ့ ရုရှားပိုင်နက်တွေနဲ့ တူညီတဲ့အဆင့်မှာ ထားရှိပြီး အကာအကွယ် အထောက်အပံ့ ပေးထားပါတယ်”လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကေ့ာက သတင်းထောက်တွေရဲ့အမေးကို ပြန်ဖြေကြားသွားတာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုဟာ ရုရှားရဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လိုအပ်လာရင် နျူကလီးယားလက်နက် အသုံးပြုဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဆီကနေ မော်စကို ယူထားတဲ့ နယ်မြေတွေဟာ ရုရှားရဲ့ ထာဝရပိုင် အစိတ်အပိုင်းဖြစ်မယ် လို့ ပူတင်က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားဟာ ဒေသ ၄ ခုစလုံးထဲက အစိတ်အပိုင်းတွေကို အပြည့်အဝ မထိန်းချုပ်ထားနိုင်သေးဘဲ နယ်နမိတ်တွေကိုလည်း မသတ်မှတ်ရသေးပါဘူး။
ဒီသိမ်းယူထားမှုကို ယူကရိန်းနဲ့ သူ့ရဲ့အနောက်နိုင်ငံ မဟာမိတ်တွေအပြေင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနိုင်ငံအများစုတို့က တရားမ၀င် သိမ်းယူမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။