ယူကရိန်းဒေသ ၄ ခု ရုရှား နျူကလီးယားလက်နက် အကာအကွယ်အောက်ရှိနေဟုဆို

မကြာသေးမီက ရက်သတ္တပတ်တွေအတွင်းက မော်စကိုကနေ သိမ်းပိုက်ကြောင်း ကြေညာထားတဲ့ ယူကရိန်းဒေသ ၄ ခုကို ရုရှားရဲ့နျူကလီးယားလက်နက် အကာအကွယ်အောက်မှာ ထားရှိတယ်လို့ ကရင်မလင်နန်းတော်က အောက်တိုဘာလ ၁၈ မှာ ပြောပါတယ်။
“ဒီနယ်မြေအားလုံးဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ခွဲထွက်လို့မရနိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အဲဒီဒေသအားလုံးရဲ့ လုံခြုံရေးကို ကျန်တဲ့ ရုရှားပိုင်နက်တွေနဲ့ တူညီတဲ့အဆင့်မှာ ထားရှိပြီး အကာအကွယ် အထောက်အပံ့ ပေးထားပါတယ်”လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကေ့ာက သတင်းထောက်တွေရဲ့အမေးကို ပြန်ဖြေကြားသွားတာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုဟာ ရုရှားရဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လိုအပ်လာရင် နျူကလီးယားလက်နက် အသုံးပြုဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဆီကနေ မော်စကို ယူထားတဲ့ နယ်မြေတွေဟာ ရုရှားရဲ့ ထာဝရပိုင် အစိတ်အပိုင်းဖြစ်မယ် လို့ ပူတင်က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားဟာ ဒေသ ၄ ခုစလုံးထဲက အစိတ်အပိုင်းတွေကို အပြည့်အဝ မထိန်းချုပ်ထားနိုင်သေးဘဲ နယ်နမိတ်တွေကိုလည်း မသတ်မှတ်ရသေးပါဘူး။
ဒီသိမ်းယူထားမှုကို ယူကရိန်းနဲ့ သူ့ရဲ့အနောက်နိုင်ငံ မဟာမိတ်တွေအပြေင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနိုင်ငံအများစုတို့က တရားမ၀င် သိမ်းယူမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။