ဂျာမန်-အီရန် အမျိုးသားတဦးကို သေဒဏ်ချမှတ်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အီရန်သံရုံး ဝန်ထမ်းနှစ်ဦးကို တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ အမိန့်ထုတ်လိုက်ကြောင်း ဂျာမနီနိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာပါတယ်။
ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ဂျမ်ရှစ်ရှားမာ့ကို ပေးထားတဲ့ သေဒဏ်ကို လက်မခံနိုင်ကြောင်း ရှုတ်ချလိုက်ပြီး စီရင်ချက်ကို ပြန်ပြောင်းပေးဖို့ အီရန်ကို တောင်းဆိုလိုက်ပါတယ်။
အီရန်အစိုးရဟာ သူ့နိုင်ငံသားတွေကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ တိုက်ခိုက်နေပြီး လူ့အခွင့်အရေးကို လျစ်လျူရှုနေတယ်လို့ အဓိပတိ ရှို့လ်ဇ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဂျာမနီကလည်း အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအလံတွေကို ဝှေ့ယမ်းပြနေတဲ့ ဆန္ဒပြသူ အယောက် ၂၀ လောက်ကလည်း ဘာလင်ရှိ အဓိပတိရုံးရဲ့ အပြင်ဘက်မှာ ဆန္ဒပြနေပါတယ်။
“အစ္စလမ္မစ်သမ္မတနိုင်ငံက သံတမန်နှစ်ဦးကို ဂျာမနီက နှင်ထုတ်လိုက်တာဟာ အလွန်ကောင်းမွန်တဲ့ ပထမခြေလှမ်းဖြစ်ပြီး နောက်ထပ် အများကြီးလုပ်ဖို့ လိုအပ်ပါတယ်” လို့ ဆန္ဒပြသူ ဒါနီယဲလာ ဆယ်ဖဲရီက ပြောပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂီဒို့စ် ဗက်စ်တာဗဲလဲဟာ တီဟီရန်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး အကျဉ်းကျခံနေရတဲ့ သတင်းထောက်နှစ်ဦးကို သူနဲ့အတူ ဂျာမနီကို ပြန်ခေါ်လာခဲ့ကြောင်းလည်း ထည့်ပြောသွားပါတယ်။
၂၀၁၀ ခုနှစ် အောက်တိုဘာလက ဂျာမန်အပတ်စဉ် ဘစ်လ်ဒမ်ဇွန်းတာ့ဂ် သတင်းစာက သတင်းထောက် နှစ်ယောက်ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦးရဲ့ သားဖြစ်သူကို အင်တာဗျူးနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ မကိုက်ညီတဲ့ အပြုအမူတွေကြောင့် ရုရှားသံတမန် လေးယောက်ကို နိုင်ငံကနေနှင်ထုတ်လိုက်ကြောင်း သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ရက်က ပြောပါတယ်။
သြစတြီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှာ နေထိုင်တဲ့ သံတမန် ၄ ဦးထဲက ၂ ဦးကို ကြိုဆို လက်ခံခြင်း မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ကြေညာခဲ့ပြီး သူတို့ကို ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။
ကျန် ၂ ဦးကတော့ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရုရှားသံရုံးမှ သံတမန် နှစ်ဦးဟာ သူတို့ရဲ့သံတမန် အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ အပြုအမူတရပ်ကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်နေတဲ့ ၂ ယောက်ကတော့ ကုလသမဂ္ဂနဲ့ သြစတြီးယားနိုင်ငံတို့အကြားက အိမ်ရှင်နိုင်ငံ သဘောတူညီချက်နဲ့မကိုက်ညီတဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရုရှားသံတမန်တွေဟာ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဝန်ကြီးဌာနက မဖော်ပြဘဲ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ရုရှားသံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါဘူး။ ဒီကိစ္စမှာ သူလျှိုလုပ်ခြင်း ပါဝင်နေတယ်လို့ အမည်မဖော်လိုသူ အရာရှိတွေက ပြောပါတယ်။
တခြားဥရောပနိုင်ငံတွေကလည်း ရုရှားတွေကို နှင်ထုတ်ချိန်တုန်းက ပြီးခဲ့တဲ့ ဧပြီလက ဩစတြီးယားကနေ နှင်ထုတ်ခံရသူ ၄ ဦးထက် အခုသံတမန်တွေက ရာထူးပိုမြင့်ကြောင်း အရာရှိတယောက်က ပြောပါတယ်။
နှင်ထုတ်ခံရသူတွေထဲမှာ သံအမတ် တစ်ယောက်မှ မပါကြောင်းလည်း ပြောပါတယ်။ အခုလုပ်ဆောင်ချက်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက သြစတြီးယားကနေ နှင်ထုတ်ခဲ့တဲ့ ရုရှားသံတမန် အရေအတွက် ၉ ဦး ရှိသွားပါပြီ။
၂၀၂၀ ပြည့်နှစ်သြဂုတ်လတုန်းက နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တစ်ဦးဟာ စီးပွားရေး သူလျှိုကိစ္စ ဖြစ်ကြောင်း ဩစတြီးယားမီဒီယာက ပြောပါတယ်။