close

ရုရှားသံတမန် ၄ ဦးကို သြစတြီးယားနိုင်ငံက နှင်ထုတ်

နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ မကိုက်ညီတဲ့ အပြုအမူတွေကြောင့်  ရုရှားသံတမန် လေးယောက်ကို နိုင်ငံကနေနှင်ထုတ်လိုက်ကြောင်း သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ရက်က ပြောပါတယ်။ 

သြစတြီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှာ နေထိုင်တဲ့ သံတမန် ၄ ဦးထဲက ၂ ဦးကို ကြိုဆို လက်ခံခြင်း မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ကြေညာခဲ့ပြီး သူတို့ကို ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။ 

ကျန် ၂ ဦးကတော့ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံရုံးမှ သံတမန် နှစ်ဦးဟာ သူတို့ရဲ့သံတမန် အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ အပြုအမူတရပ်ကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်နေတဲ့ ၂ ယောက်ကတော့ ကုလသမဂ္ဂနဲ့ သြစတြီးယားနိုင်ငံတို့အကြားက အိမ်ရှင်နိုင်ငံ သဘောတူညီချက်နဲ့မကိုက်ညီတဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံတမန်တွေဟာ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဝန်ကြီးဌာနက မဖော်ပြဘဲ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

ရုရှားသံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါဘူး။ ဒီကိစ္စမှာ သူလျှိုလုပ်ခြင်း ပါဝင်နေတယ်လို့ အမည်မဖော်လိုသူ အရာရှိတွေက ပြောပါတယ်။

တခြားဥရောပနိုင်ငံတွေကလည်း ရုရှားတွေကို နှင်ထုတ်ချိန်တုန်းက ပြီးခဲ့တဲ့ ဧပြီလက ဩစတြီးယားကနေ နှင်ထုတ်ခံရသူ ၄ ဦးထက် အခုသံတမန်တွေက ရာထူးပိုမြင့်ကြောင်း အရာရှိတယောက်က ပြောပါတယ်။ 

နှင်ထုတ်ခံရသူတွေထဲမှာ သံအမတ် တစ်ယောက်မှ မပါကြောင်းလည်း ပြောပါတယ်။ အခုလုပ်ဆောင်ချက်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက သြစတြီးယားကနေ နှင်ထုတ်ခဲ့တဲ့ ရုရှားသံတမန် အရေအတွက် ၉ ဦး ရှိသွားပါပြီ။  

၂၀၂၀ ပြည့်နှစ်သြဂုတ်လတုန်းက နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တစ်ဦးဟာ စီးပွားရေး သူလျှိုကိစ္စ ဖြစ်ကြောင်း ဩစတြီးယားမီဒီယာက ပြောပါတယ်။ 

Up