အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဆစ်ခင်ပြည်နယ်မှာ ဧပြီ ၄ ရက်က နှင်းထုပြိုကျလို့ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
နာသူလာတောင်ကြားမှာ နှင်းထုပြိုကျလို့ သေဆုံးသူ ၆ ဦးစလုံးဟာ ခရီးသွားတွေဖြစ်ပြီး အနည်းဆုံး လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နယ်မြေအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
တာဂျစ်ကစ္စတန်အရှေ့ပိုင်းမှာ နှင်းထုပြိုကျမှုကြောင့် လူ ၁၀ ဦး ထပ်ပြီးသေဆုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း သေဆုံးသူအရေအတွက်မှာ အယောက် ၂၀ အထိ ရှိလာခဲ့ကြောင်း ဗဟိုအာရှနိုင်ငံအစိုးရက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပြီး ရာနဲ့ချီတဲ့ မိသားစုတွေကိုလည်း နေအိမ်တွေကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။
ဆီးနှင်းထုပြိုကျမှု အများစုဟာ တရုတ်နိုင်ငံနဲ့ အာဖဂန်နစ္စတန် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဂေါ်နို-ဘာဒက်ရှန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သက်ရောက်ခဲ့ပြီး အိမ်ထောင်စု ၄၀၀ ကျော်ကိုလည်း အန္တရာယ်ရှိတဲ့ နယ်မြေတွေနဲ့ ဝေးရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဆီးနှင်းပြိုကျမှုတွေကြောင့် နေအိမ်တွေသာမက လမ်းတွေပါ ထိခိုက်ခဲ့ကြောင်းနဲ့ နိုင်ငံတကာ သွားလာမှု အားလုံးကိုလည်း ရပ်ဆိုင်းထားရကြောင်း အစိုးရက ပြောပါတယ်။
အဲဒီဧရိယာက ဗီဒီယိုတွေမှာတော့ တထပ်အဆောက်အဦတွေရဲ့ ခေါင်မိုးတွေအထိ ဆီးနှင်းတွေနဲ့ ရေခဲတုံးတွေ ဖုံးလွှမ်းနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ နှင်းထုအတွင်းမှာ အလောင်းတွေကို ရှာဖွေခဲ့ကြတာတွေကို ပြထားပါတယ်။
ဆီးနှင်းတွေ၊ နှင်းမိုးတွေ ထူထူထပ်ထပ် ရွာကျနေတာကြောင့် ဒေသခံ ၃၀,၀၀၀ ကို အိမ်ထဲမှာပဲနေကြဖို့ ပြည်နယ်မြို့တော် ခိုရော့ဂ်ရဲ့ မြို့တော်ဝန် ရီဇို နာဇာဇိုဒါက တိုက်တွန်းထားပါတယ်။