ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၂၀၂၃ ခုနှစ်မှာ အားလုံးသော ယူကရိန်းပြည်သူတွေ အတွက် ဆုတောင်းဟာ အောင်ပွဲရယူပေးနိုင်ဖို့သာဖြစ်ပြီး နိုင်ငံအတွက် တိုက်ပွဲဝင်နေကြချိန်မှာ လက်ရှိလမ်းကြောင်းအတိုင်း ဆက်နေသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူး မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။
နှစ်သစ်ကူး သန်းခေါင်ယံအချိန် မတိုင်ခင် မိနစ်ပိုင်းအလိုမှာ ဇလန်းစကီးက ဗီဒီယိုကတဆင့် ဒီသတင်းစကားကို ပါးခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသူတွေနဲ့ အတူရှိနေမယ်လို့ ဇလန်းစကီးက အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။
“လွတ်လပ်ရေးအတွက် ငါတို့တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဒါကြောင့် ငါတို့ အယောက်ချင်းစီ ဒီမှာ ရှိနေတယ်၊ ကျနော်လည်းရှိတယ်။ ခင်ဗျားလည်းရှိတယ်။ ငါတို့လည်း ရှိတယ်။ အားလုံးလည်း ဒီမှာရှိနေ ကြတယ်။ ငါတို့ အားလုံးဟာ ယူကရိန်းတွေပဲ”လို့ ဇလန်းစကီးက ပြောခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ စစ်ရေးလှုပ်ရှားမှုနဲ့ နာဇီဝါဒတို့ ယူကရိန်းမှာ ကင်းစင်ဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ဒီအထူးစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်အုပ်စုမဟာမိတ်တွေကတော့ ပူတင်ရဲ့ကျူးကျော်စစ်ဟာ နယ်ချဲ့ တစ်ဦးရဲ့ နယ်မြေ ကျူးကျော် သိမ်းပိုက်မှုသာ ဖြစ်တယ်လို့ သဘော ထားကြပါတယ်။
ယူကရိန်းမှာတိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့ တွေရဲ့နောက်မှာ ရုရှားပြည်သူတွေ စုစည်း ရပ်တည်ကြပါ လို့လည်း သမ္မတပူတင်က နှစ်သစ်ကူးမိန့်ခွန်းက တဆင့် ပြောဆို ခဲ့ပါတယ်။
မော်စကိုအနေနဲ့ အိမ်နီးချင်းနိုင်ငံကို အလျင်အမြန်သိမ်းပိုက်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ဒီကျူးကျော်စစ်ဟာ ၁၁ လတာ ကြာမြင့်လာခဲ့ပြီဖြစ်သလို စစ်မြေပြင်မှာလည်း ရုရှားတပ်ဖွဲ့တွေက အရှက်တကွဲ နောက်ဆုတ်ခဲ့ရပါတယ်။
အနောက်အုပ်စုက အဓိကထောက်ပံ့ပေးထားတဲ့ ယူကရိန်းနိုင်ငံကတော့ နိုင်ငံတွင်းပိုင်နက် အများစုကို အောင်အောင်မြင်မြင် ခုခံတိုက်ခိုက်ထားနိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ တိုက်ခိုက်နေတဲ့ ရုရှားပြည်သူတွေကို စုဝေးစေပြီး “နာဇီလက်သစ်" ယူကရိန်း နဲ့ ရုရှားကို ဖျက်ဆီးဖို့ ကြံစည်နေတယ်လို့ ယူဆရတဲ့ အနောက်နိုင်ငံတွေကို အောင်ပွဲခံဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ရဲ့ နှစ်ပတ်လည် နှစ်သစ်ကူးမိန့်ခွန်းအတွင်း ဒီဇင်ဘာ ၃၁ ရက်မှာ ကတိပြုခဲ့ပါတယ်။
နိုင်ငံတော် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲဝင် ဗွီဒီယိုသတင်းစကားထဲမှာ ပူတင်က ရုရှားနိုင်ငံရဲ့ အနာဂတ်အတွက် နီးနီးကပ်ကပ်ဖြစ်တည်မှု တိုက်ပွဲတခုအဖြစ် "အထူးစစ်ရေး စစ်ဆင်ရေး" လို့ ခေါ်တဲ့ စစ်ပွဲကို ချပြခဲ့ပါတယ်။
ရုရှားရဲ့လုံခြုံရေးကို အာမခံနိုင်စေဖို့ စစ်သားတွေက အမိမြေ၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတယ်လို့ ပူတင်က ပြောပါတယ်။
ပဋိပက္ခကို ရုရှားလူမျိုးအများစုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်စေမယ့် ကန့်သတ် လှုပ်ရှားမှုအဖြစ် ရုရှားသမ္မတ နန်းတော်က လအတော်ကြာအောင် တင်ပြခဲ့တာပါ။
စေ့စပ်ညှိနှိုင်းမှုရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ကိယက်ဗ်ကနေ ရုရှားတပ်တွေ ထွက်သွားဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ရုရှားဟာ ကျွန်ုပ်တို့ရဲ့ လူမျိုးနဲ့ သမိုင်းဝင်နယ်မြေကို ကာကွယ် တယ်လို့ ပူတင်က ပြောခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကို လိမ်ညာပြီး ရုရှအစိုးရက စစ်ရေးလှုပ်ရှားမှုကို စတင်အောင် လှုံ့ဆော်နေတယ်လို့လည်း ပူတင်က စွပ်စွဲခဲ့ပါတယ်။
“ငြိမ်းချမ်းရေးအတွက် အနောက်နိုင်ငံတွေက လိမ်ညာနေတယ်။ ဒါဟာ ရန်စဖို့ ပြင်ဆင်နေတာပါ။အခုတော့ သူတို့က ရုရှားကို အားနည်းစေပြီး ခွဲထွက်ဖို့ ယူကရိန်းနဲ့ သူ့ရဲ့လူတွေကို လိမ်ညာပြီး အသုံးပြုနေပါတယ်။ ကျနော်တို့ ဒါကို ဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို ဘယ်သူ့ကိုမှလည်း ဒါကို ခွင့်မပြုပါဘူး” လို့ ပူတင်က ပြောပါတယ်။
အနောက် NATO စစ်ရေးမဟာမိတ်အဖွဲ့ဟာ ရုရှားနိုင်ငံကို ခြိမ်းခြောက်ဖို့ ယူကရိန်းကို ပလက်ဖောင်းတခုအဖြစ် အသုံးချဖို့ စီစဉ်ထားတယ်ဆိုတဲ့ ပူတင်ရဲ့ ထပ်ခါတလဲလဲ စွပ်စွဲချက်ကို ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက ပယ်ချပြီး နယ်မြေသိမ်းပိုက်ဖို့နဲ့ အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက် ခြယ်လှယ် ထည့်သွင်းဖို့ ကြိုးပမ်းနိုင်ရေး အခြေအမြစ်မရှိတဲ့ ကျူးကျော်စစ်ပွဲတခု လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်မြေပြင်မှာ အမြတ်အစွန်း ကြီးကြီးမားမား မရခဲ့ပေမယ့် ပူတင်က အဆုံးစွန်သောအောင်ပွဲကို ဆောင်ကြဉ်းမယ်လို့ ကတိပြုခဲ့ပါတယ်။