နှစ်ကူးမိန့်ခွန်းတွင် အောင်ပွဲရယူ ပေးမည်ဟု ယူကရိန်းသမ္မတ ကတိပေး

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၂၀၂၃ ခုနှစ်မှာ အားလုံးသော ယူကရိန်းပြည်သူတွေ အတွက် ဆုတောင်းဟာ အောင်ပွဲရယူပေးနိုင်ဖို့သာဖြစ်ပြီး နိုင်ငံအတွက် တိုက်ပွဲဝင်နေကြချိန်မှာ လက်ရှိလမ်းကြောင်းအတိုင်း ဆက်နေသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူး မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။
နှစ်သစ်ကူး သန်းခေါင်ယံအချိန် မတိုင်ခင် မိနစ်ပိုင်းအလိုမှာ ဇလန်းစကီးက ဗီဒီယိုကတဆင့် ဒီသတင်းစကားကို ပါးခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသူတွေနဲ့ အတူရှိနေမယ်လို့ ဇလန်းစကီးက အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။
“လွတ်လပ်ရေးအတွက် ငါတို့တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဒါကြောင့် ငါတို့ အယောက်ချင်းစီ ဒီမှာ ရှိနေတယ်၊ ကျနော်လည်းရှိတယ်။ ခင်ဗျားလည်းရှိတယ်။ ငါတို့လည်း ရှိတယ်။ အားလုံးလည်း ဒီမှာရှိနေ ကြတယ်။ ငါတို့ အားလုံးဟာ ယူကရိန်းတွေပဲ”လို့ ဇလန်းစကီးက ပြောခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ စစ်ရေးလှုပ်ရှားမှုနဲ့ နာဇီဝါဒတို့ ယူကရိန်းမှာ ကင်းစင်ဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ဒီအထူးစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်အုပ်စုမဟာမိတ်တွေကတော့ ပူတင်ရဲ့ကျူးကျော်စစ်ဟာ နယ်ချဲ့ တစ်ဦးရဲ့ နယ်မြေ ကျူးကျော် သိမ်းပိုက်မှုသာ ဖြစ်တယ်လို့ သဘော ထားကြပါတယ်။
ယူကရိန်းမှာတိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့ တွေရဲ့နောက်မှာ ရုရှားပြည်သူတွေ စုစည်း ရပ်တည်ကြပါ လို့လည်း သမ္မတပူတင်က နှစ်သစ်ကူးမိန့်ခွန်းက တဆင့် ပြောဆို ခဲ့ပါတယ်။
မော်စကိုအနေနဲ့ အိမ်နီးချင်းနိုင်ငံကို အလျင်အမြန်သိမ်းပိုက်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ဒီကျူးကျော်စစ်ဟာ ၁၁ လတာ ကြာမြင့်လာခဲ့ပြီဖြစ်သလို စစ်မြေပြင်မှာလည်း ရုရှားတပ်ဖွဲ့တွေက အရှက်တကွဲ နောက်ဆုတ်ခဲ့ရပါတယ်။
အနောက်အုပ်စုက အဓိကထောက်ပံ့ပေးထားတဲ့ ယူကရိန်းနိုင်ငံကတော့ နိုင်ငံတွင်းပိုင်နက် အများစုကို အောင်အောင်မြင်မြင် ခုခံတိုက်ခိုက်ထားနိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။