စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်မှာ ဧပြီ ၈ ရက် ဒီနေ့မနက်ကတည်းက စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ၃ ကြိမ်ထက်မနည်း ပြုလုပ်နေပြီး ပြည်သူနေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဧပြီ ၇ ရက်နေ့ ညက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပင်လည်ဘူးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှောင်တိမ်းလာတဲ့ ဒေသခံပြည်သူတဦးက "မနေ့ညက ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြတယ်။ မနက်ကတည်းက တိုက်လေယာဉ်တွေနဲ့ လာဗုံးကြဲလို့ ကျနော်တို့ တခြားဘက်ကို ပြေးလာတာ။ နေအိမ်တချို့လည်း ဗုံးဆန်ထိလို့ မီးလောင်တာတွေရှိတယ်။ ကျနော် သိရသလောက် မနက် ၁၀ ကျော်ထိ ဗုံးလာကြဲတာ ၄ ကြိမ်ရှိနေပြီ။ မြို့ခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိထားတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ပင်လည်ဘူးမြို့နဲ့ ဗန်းမောက်မြို့ကြားမှာရှိတဲ့ မံစီကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး လူနေအိမ် ၅ လုံးကို မီးရှို့ကာ လူအသုံးဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသသတင်းအရင်းမြစ်ဆီက သိရပါတယ်။
လတ်တလောမှာတော့ ပင်လည်ဘူးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဆုံးရှုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
အခုရက်ပိုင်းအတွင်း ပင်လည်ဘူးမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ လုံခြုံရာကို တိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မုံရွာမြို့တို့က ကျေးရွာနေအိမ်တွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၃ ရက်နေ့မှာ ဝင်ရောက်ဖျက်ဆီးပြီး ရွာသားတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ပင်လည်ဘူး - ကောလင်း ကားလမ်းပေါ်မှာလည်း ရဲကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် တောင်းပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အင်းကျွန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ် ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မွှေနှောက်ဖျက်ဆီးသွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
ဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှင်ကျေးရွာဘက် စက်တင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီလောက် လာရောက်ချိန်မှာ ကလေး PDF တပ်ဖွဲ့ဝင်တွေက ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၇ နာရီခွဲအချိန်ခန့်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများနိုင်ပြီး PDF ဘက်ကတော့ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြား မော်တော်ကားတွေ လုံးဝဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဖြတ်သန်းသွားလာခြင်းကြောင် ဖြစ်ပေါ်လာမယ့် ကိစ္စအရပ်ရပ်ကို ကလေး PDF က တာဝန်မယူဘူးလို့ အသိပေးထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ပင်လည်ဘူး - ကောလင်း ကားလမ်းပေါ်မှာလည်း ဒုရဲအုပ်အပါအဝင် ၄ ဦးလိုက်ပါလာတဲ့ ရဲကားတစ်စီး စက်တင်ဘာ ၃ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ကျနော်တို့ ပင်လည်ဘူးမြို့နဲ့ ၂၅ မိုင်ဝေးတယ်။ အဲဒီရဲကားက ပင်လည်ဘူးမြို့ပေါ်ရဲကား။ သူတို့လုံခြုံရေးလှည့်သွားတဲ့အချိန်တိုက်ခိုက်ရတာ” လို့ ပြောပါတယ်။
ရဲကားကို ဘယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
မုံရွာမြို့နယ် လယ်ဇင်၊ ရွာထောင်၊ အောင်သာ၊ မြေနဲ စတဲ့ကျေးရွာ ၄ ရွာကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီက စစ်ကား ၁၄ စီး အင်အားအများအပြားနဲ့ရောက်လာပြီး အပြစ်မဲ့ရွာသားတွေအား ရိုက်နက် အကြမ်းဖက်ကာ လူ ၈ ဦးကို ဖမ်းဆီးသွားယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာသားတဦးက “ဒီနေ့ညနေသုံးနာရီလောက်က သေနတ်တွေပစ်ဝင်လာတယ်။ ဘာကြောင့်မှန်းမသိဘူး။ တွေ့တဲ့လူ အကုန်ရိုက်တယ်။ လူငယ်လေးတွေကို ပိုရိုက်တာ။ အခုလို လက်နက်အားကိုးနဲ့တော့ အနိုင်မကျင့်သင့်ဘူးဗျ။ ကျနော်တို့ ရွာတွေမှာ ဘယ် PDF မှ မရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်ထားတာမရှိဘူး။ ရိုးရိုးသားသားနေပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေပါ။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ သတင်းပေးတိုင်း ရွာတွေကို အခုလိုမွှေနေမယ်ဆိုရင် တစ်ရွာလုံးသာ သတ်သွားလိုက်တော့ဗျာ။ အခုလိုအကြိမ်ကြိမ်ဝင်ရောက်နှိပ်စက်နေတော့ ရွာသားတွေ ဘာလုပ်ငန်းမှ ရဲရဲလုပ်ကိုင်မစားရဘဲ ငတ်သေကုန်တော့မယ်” လို့ ပြောပါတယ်။