close

စစ်ကောင်‌စီက ပင်လည်ဘူးမြို့ပေါ် တရက်တည်း ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်မှာ ဧပြီ ၈ ရက် ဒီနေ့မနက်ကတည်းက စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ၃ ကြိမ်ထက်မနည်း ပြုလုပ်နေပြီး ပြည်သူနေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီ ၇ ရက်နေ့ ညက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပင်လည်ဘူးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှောင်တိမ်းလာတဲ့ ဒေသခံပြည်သူတဦးက "မနေ့ညက ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြတယ်။ မနက်ကတည်းက တိုက်လေယာဉ်တွေနဲ့ လာဗုံးကြဲလို့ ကျနော်တို့ တခြားဘက်ကို ပြေးလာတာ။ နေအိမ်တချို့လည်း ဗုံးဆန်ထိလို့ မီးလောင်တာတွေရှိတယ်။ ကျနော် သိရသလောက် မနက် ၁၀ ကျော်ထိ ဗုံးလာကြဲတာ ၄ ကြိမ်ရှိနေပြီ။ ‌မြို့ခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိထားတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ပင်လည်ဘူးမြို့နဲ့ ‌ဗန်းမောက်မြို့ကြားမှာရှိတဲ့ ‌မံစီကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး လူနေအိမ် ၅ လုံးကို မီးရှို့ကာ လူအသုံးဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသသတင်းအရင်းမြစ်ဆီက သိရပါတယ်။

လတ်တလောမှာတော့ ပင်လည်ဘူးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဆုံးရှုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုရက်ပိုင်းအတွင်း ပင်လည်ဘူးမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ လုံခြုံရာကို တိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up