close

ပင်လယ်နက်ဆိပ်ကမ်း

close

November 18, 2022

ယူကရိန်း လယ်ယာထွက်ကုန်များ တင်ပို့မည့် သဘောတူညီချက် သက်တမ်းတိုး

ယူကရိန်းရဲ့ လယ်ယာထွက်ကုန်တွေကို သူ့ရဲ့ တောင်ပိုင်း ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ပို့ပေးရမယ့် သဘောတူညီချက်ကို နိုဝင်ဘာ ၁၇ ရက်မှာ နောက်ထပ် ရက်ပေါင်း ၁၂၀ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။

ဇူလိုင်လမှာ အရင်ဆုံးရရှိခဲ့တဲ့ သဘောတူညီချက်အရ အကာအကွယ်ပေးထားတဲ့ ပင်လယ်ကူးစင်္ကြံကို ဖန်တီးခဲ့တာပါ။

အစေ့အဆံတွေနဲ့ ဆီထွက်သီးနှံတွေကို အဓိကထုတ်လုပ်သူ ယူကရိန်းရှိ ဆိပ်ကမ်းသုံးခုကနေ ပို့ကုန်တွေ ပြန်ပို့ခွင့်ပြုခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဒီသဘောတူညီချက်ကို ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အစ္စတန်ဘူလ်က ထိပ်သီးအစည်းအဝေးမှာ တူရကီ၊ ယူကရိန်း၊ ရုရှားနဲ့ ကုလသမဂ္ဂတို့ဟာ ယူကရိန်းဆန်စပါးတွေကို လွတ်လွတ်လပ်လပ် တင်ပို့နိုင်ရေးအတွက် ပင်လယ်နက် ကောက်နှံတင်ပို့ရေးအတွက် သဘောတူညီချက်တခု ရရှိကြောင်း သိလိုက်ရလို့ အလေးအနက် စိတ်လှုပ်ရှားမိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

လာမယ့်နှစ်မှာလည်း စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားနိုင်ဖို့ ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာ တင်ပို့မှုမှာ အကန့်အသတ်မဲ့ ပို့ကုန်တွေဆီ ကျန်ရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ ကုလသမဂ္ဂကလည်း ကတိပြုထားကြောင်း ဂူတာရက်စ်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ ယူကရိန်းတို့က ၁ နှစ် သက်တမ်းတိုးဖို့ တောင်းဆိုထားပေမဲ့ အခု ရက်ပေါင်း ၁၂၀ သာ သက်တမ်းတိုးနိုင်သေးတာ ဖြစ်ပါတယ်။

46 seconds Ago

July 23, 2022

ပင်လယ်နက်ဆိပ်ကမ်း ပြန်ဖွင့်ရန် ရုရှားနှင့် ယူကရိန်း လက်မှတ်ထိုး

ယူကရိန်းနယ်မြေထဲက ပင်လယ်နက်ဆိပ်ကမ်းတွေကို ပြန်ဖွင့်ဖို့ ရုရှားနဲ့ ယူကရိန်းတို့ ဇူလိုင် ၂၂ ရက်မှာ သဘောတူ လက်မှတ်ထိုးလိုက်ကြပါတယ်။ 

ဒါကြောင့် ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံ တင်ပို့ဖို့ လမ်းစပွင့်သွားပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ အကျိုးဆက်အဖြစ် ကမ္ဘာ့လုံး စားနပ်ရိက္ခာအကျပ် အတည်းဆိုက်မယ့် ဘေးကနေ ရှောင်လွှဲနိုင်မယ့် မျှော်လင့်ချက်တွေ ရှိလာပါတယ်။ 

ဒီသဘောတူညီချက်ကို ရရှိဖို့ ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင် ကြိုးစားနေခဲ့တာ ၂ လ ကြာခဲ့ပါတယ်။ 

အပြန်အလှန် ချိတ်ဆက်ထားတဲ့ သဘောတူညီချက်အရ ယူကရိန်းက ကောက်ပဲသီးနှံတွေ ပြန်တင်ပို့ခွင့်ရော၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့တာကိုခံနေရတဲ့ ရုရှားက သီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့ခွင့်မှာ ဖြေလျော့မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ 

အခု သဘောတူညီချက်က ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်းကြီး ၃ ခု ကနေ စားနပ်ရိက္ခာတွေကို သယ်ယူပို့ဆောင်ခွင့်ရမှာ ဖြစ်ပြီး လက်တွေ့ ဆောင်ရွက်တာကိုလည်း စောင့်ကြည့်ဖို့ ကုလသမဂ္ဂက စင်တာတခု ဖွင့်လှစ်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ ကမ္ဘာမှာ စားနပ်ရိက္ခာ အများဆုံး ထုတ်လုပ် တင်ပို့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ 

သဘောတူ လက်မှတ်ထိုးတဲ့အခမ်းအနားကို နှစ်နိုင်ငံစလုံးက ကာကွယ်ရေးနဲ့ အခြေခံ အဆောက်အအုံကဏ္ဍ ဝန်ကြီးတွေကို အစ္စတန်ဘူလ်ဆီ စေလွှတ်ခဲ့ပါတယ်။ 

ယူကရိန်းဆိပ်ကမ်းတွေကို ရုရှား တပ်တွေက ရေကြောင်း ပိတ်ဆို့ထားတာကြောင့် သီးနှံ တန် သန်းပေါင်းများစွာဟာ ဆိပ်ကမ်းမှာ သောင်တင်နေပြီး ကမ္ဘာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

အခု သဘောတူညီချက်ကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ အကောင်အထည်ဖော် သွားမယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

4 months Ago
Up