ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက် သတိပေးခဲ့တယ်လို့ ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ဇူလိုင် ၂၆ ရက်နေ့ မနက် ၉ နာရီလောက် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဗုံးမှာ error ဖြစ်ပြီး ပေါက်ကွဲခြင်းမရှိခဲ့တာကြောင့် ဒီ့ထက် ၂ ဆပြင်းတဲ့ ဗုံးနဲ့ ပြန်လည်တိုက်ခိုက်သွားမှာဖြစ်လို့ ထွေအုပ် NON CDM ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံးရှောင်ရှားကြဖို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ဘယ်သူ့ကိုမှ ညှာတာထောက်ထားနေမှာ မဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်သွားတော့မှာပါ။ ဆက်လက်ပြီး စစ်ကောင်စီနဲ့ ပတ်သက်နေဦးမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ စစ်ကောင်စီကိုတော့ စပရိန်လို ဖိနှိပ်သလောက် ပြန်တွန်းကန်မဲ့ ပြည်သူတွေဆိုတာကို ကြပ်ကြပ်သတိထားပါလို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ပင်းတယမြို့နယ်ရှိ စစ်ကောင်စီအလိုကြဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၅ ရက်အတွင်း နုတ်ထွက်ကြဖို့ နောက်ဆုံး အကြိမ်သတိပေးထားပြီး လိုက်နာဆောင်ရွက်ခြင်းတဲ့ စစ်ကောင်စီအလိုကျအုပ်ချုပ်ရေးမှူးတွေကို လုံးဝ(လုံးဝ)ခွင့်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှာ ဇွန် ၁ ရက်မှ ဇွန် ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူ ၁၀ ယောက်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောက်စုရွာ ကျေးရွာက ၄ ယောက်၊ ကျောက်တစ်လုံးရွာက ၁ ယောက်၊ တောင်ပေါ်ကြီးရွာက ၁ ယောက်၊ ထွက်နီကျေးရွာက ၂ ယောက်၊ မြို့ပေါ် ဟော်ကုန်းရပ်ကွက်က ၁ ယောက်၊ စျေးတန်းက ၁ ယောက်နဲ့ ရှမ်းရပ်ကဆရာမ ၁ ယောက် ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အကြောင်းအရင်း မရှိဘဲ အထင်နဲ့ဖမ်းပါပဲ။ သူတို့က လူကို အရင်ဖမ်းပြီးမှ အကြောင်းအရင်း ရှာကြတာချည်းပဲ။ PDF တွေနဲ့ အဆက်အသွယ်ရှိလို့၊ ဝရမ်းထုတ်ခံထားရသူတွေရဲ့ ပို့စ်တွေ Like လုပ်လို့ဆိုပြီး အကြောင်းပြချက်ရှာကြတာ။ ဘာမှရေရေရာရာရှိတာတော့ မဟုတ်ဘူး၊ သက်သက်ကို ဖမ်းနေကြတာ"လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၆ ဦးတို့ဖြစ်ပြီး သူတို့ကို ပင်းတယမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ပင်းတယမြို့ဟာ လက်ရှိအချိန်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့မသင်္ကာတဲ့ သူမှန်သမျှကို မတရားဖမ်းဆီးနှိပ်စက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ဒါ့အပြင် မေ ၂၉ ရက် ညပိုင်းက ရွာငံမြို့နယ် မြိုင်ကျေးရွာက အမျိုးသားတယောက်ကို စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး နောက်တနေ့ မနက်မှာ အိမ်မှာ ရှိတဲ့ အဖိုးတန် ပစ္စည်းတွေကို လာရောက်ယူဆောင်သွားတယ်လို့ သိရပါတယ်။