close

ပစ်ခတ်တိုက်ခိုက်ခံရ

close

August 30, 2022

မုံရွာမြို့ မြဝတီဘဏ်ရှေ့ စစ်ကောင်စီတပ်ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ စစ်တပ်ပိုင်မြဝတီဘဏ်ရှေ့က စစ်ကောင်စီတပ်ရဲ့ လုံခြုံရေး ဂိတ်စခန်းကို ဩဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း အဲ့ဒီဂိတ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ပြီး အနီးနားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်မှုကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF ) မှ တာဝန်ရှိသူက " အဲ့ဒီဂိတ်ကနေ ပြည်သူကို လက်နက်ပြပြီး မိုက်ကြေးခွဲတောင်းရမ်းစားသောက်နေတာကြာပြီ။  ညဘက်ဆိုလည်း မူးရမ်းပြီး ပြည်သူကို မိုက်ကြေးခွဲတာတွေရှိတယ်။ သူတို့ မထင်ရင် မထင်သလို နှိပ်စက်တယ်။  အခု Mission မှာ လက်နက်ကောက်ယူနိုင်ဖို့အထိ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အနီးက ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ ရပ်လိုက်ရတယ် " လို့  ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိရာနေရာကို  ရှောင်ရှားသွားလာကြဖို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံ တိုက်တွန်းထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF မှ မုံရွာခရိုင်အမှတ် ၁ တပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ Monywa Hello Group (MHG) နဲ့ မုံရွာ နတ်ဆိုး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပါတယ်။

2 weeks Ago

April 26, 2022

ပုလဲ မြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဧပြီ ၂၆ ရက် ညနေ ၄ နာရီလောက်က  ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ကျားသစ်နက်ပြောက်ကျားတပ်ကတော့  အခုလို မြို့မရဲစခန်းကို ပစ်ခတ်ခဲ့တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့   ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ကျားသစ်နက်အဖွဲ့ ခေါင်းဆောင်ဗိုလ်ဥက္ကာက“ကျနော်တို့ ကျားသစ်နက်အဖွဲ့က ပစ်ခတ်ခဲ့တာဗျ။ အဝေးပစ်လက်နတ်နဲ့ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်တဲ့ လက်နက်က  ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ အလုံး ၂၅လုံး နဲ့ပစ်ခတ်ခဲတာဗျ။ အထိခိုက် အကျအဆုံးကတော့ စစ်ကောင်စီဘက်ကတော့မသိဘူး။ ကျနော်တို့ဘက်ကတော့ တူမီးပြောင်းကွဲပြီး ကိုယ်လက်နက်နဲ့ကိုယ် ရဲဘော်တယောက် လက်ထိခဲ့တာတော့ရှိခဲ့တယ်ဗျ။ ကျနော်တို့ အခုလို့ Safe မဖြစ်တဲ့ လက်နက်တွေနဲ့ တိုက်နေရတာဆိုတော့ ထိထိရောက်ရောက်မဖြစ်ဘူး။ ကျနော်တို့ကို တော်လှန်ရေးသမားလေးတွေ မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်ကနေ  ကူညီပေးကြပါ”လို့ ပြောပါတယ်။

ပုလဲမြို့ပေါ်မှာ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး မြို့ပေါ်နေပြည်သူတစ်ဦးကတော့ “ပစ်ခတ်တာတော့ ဘယ်က အဖွဲ့ပစ်တာတော့မသိဘူးဗျ။ တအုံးအုံး တဒိုင်းဒိုင်းနဲ့ပဲဗျ။ မြို့ထဲကလည်း လူကသိပ်မနေရဲကြတော့ဘူး။  တခြားမြို့တွေ ပြောင်းတဲ့သူကတော့ ပြောင်းနေတာတွေရှိတယ်” လို့ ပြောပါတယ်။

ပုလဲမြို့မရဲစခန်းသာမက ပုလဲထွေအုပ်ရုံးကိုပါ ဒေါင်းနက်အဖွဲ့က ပစ်ခတ် တိုက်ခိုက်တာတွေလည်းရှိခဲ့တယ်လို့လည်း ပုလဲ‌မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 

5 months Ago
Up