close

မုံရွာမြို့ မြဝတီဘဏ်ရှေ့ စစ်ကောင်စီတပ်ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ စစ်တပ်ပိုင်မြဝတီဘဏ်ရှေ့က စစ်ကောင်စီတပ်ရဲ့ လုံခြုံရေး ဂိတ်စခန်းကို ဩဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ထုတ်ပြန်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း အဲ့ဒီဂိတ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ပြီး အနီးနားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်မှုကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF ) မှ တာဝန်ရှိသူက " အဲ့ဒီဂိတ်ကနေ ပြည်သူကို လက်နက်ပြပြီး မိုက်ကြေးခွဲတောင်းရမ်းစားသောက်နေတာကြာပြီ။  ညဘက်ဆိုလည်း မူးရမ်းပြီး ပြည်သူကို မိုက်ကြေးခွဲတာတွေရှိတယ်။ သူတို့ မထင်ရင် မထင်သလို နှိပ်စက်တယ်။  အခု Mission မှာ လက်နက်ကောက်ယူနိုင်ဖို့အထိ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အနီးက ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ ရပ်လိုက်ရတယ် " လို့  ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိရာနေရာကို  ရှောင်ရှားသွားလာကြဖို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံ တိုက်တွန်းထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF မှ မုံရွာခရိုင်အမှတ် ၁ တပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ Monywa Hello Group (MHG) နဲ့ မုံရွာ နတ်ဆိုး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up