မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း အဆုတ်ဆေးရုံရှေ့မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ဦးဟာ Generation Z Power အဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ Mandalay People Rescue (MPR) မှ ဗိုလ်ထက်အောင်က အတည်ပြု ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က ပုသိမ်ကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါ လူငယ် ၄ ဦးဟာ GZP မှ ဒုခေါင်းဆောင် ကျွဲကြီး (ခ) သက်နိုင်ထွန်း၊ ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင် (ခ) မိုးကို၊ တပ်ဖွဲ့ဝင် ဇေယျနဲ့ ကျော်စွာလင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
MPR မှ ဗိုက်ထက်အောင်က “ပုသိမ်ကြီးဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတုန်း လိုက်ပစ်ခံရတာလို့ သိရတယ်။ ၁၉ လမ်း အဆုတ်ဆေးရုံနားမှာ။ သူပစ် ကိုယ်ပစ်နဲ့ ၃ ယောက် နေရာတင်ကျတယ်။ တယောက်က အရှင်မိပြီးမှ အခုကြတော့ ၄ ယောက်လုံး အသေမိတယ် ပြောတယ်ဗျ။ UG တွေကိုမိတိုင်း သူတို့က သတ်ပစ်နေကျဆိုတော့ သိပ်မထူးဆန်းတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း အဆုတ်ဆေးရုံရှေ့မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ဦးဟာ Generation Z Power အဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဖော်ပြပါတယ်။
မန္တလေးမြို့မှာ ၄ လအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ UG တွေနဲ့ ထောက်ပို့အဖွဲ့ဝင်တွေ အပါအဝင် လူငယ်အယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး သတင်းမထွက်ဘဲ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မန္တလေးမြို့က UG အများစုဟာ နယ်ဘက်ကိုထွက်ကာ အင်အားစုနေကြတာဖြစ်ပြီး UG တွေဟာ တဖက်က ထောင်နှုတ်ခမ်းနဲ့ တဖက်မှာ သေလမ်း ခွနင်းထားရတဲ့ ဘဝတွေဖြစ်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြဖို့ ဗိုလ်ထက်အောင်က တောင်းဆိုထားပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ ဇူလိုင် ၂၉ ရက် ဒီနေ့ မနက်ပိုင်းက လူငယ်တယောက်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီမနက် ၁၁ နာရီခွဲက အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းမပေါ်မှာ လမ်းလျှောက်သွားလာနေတဲ့ လူငယ်တဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရပ်ကွက်နေသူတဦးက “ကောင်လေးက လက်ထဲမှာ စာရွက်လေးကိုင်ပြီး လိပ်စာလာရှာတာဖြစ်မယ်။ အလုပ်လိုက်ရှာနေတာနဲ့ တူပါတယ်။ အဲဒါကို စစ်တပ်က ဟေ့ကောင် ရပ်စမ်းဆိုတော့ ဟိုက ကြောက်ပြီး ပြေးတာ၊ အဲဒါကို လိုက်ပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးမှုကြောင့် အဆိုပါလူငယ်မှာ နေအိမ်တအိမ်အတွင်း ဝင်ပြေးခဲ့ရာ သေနတ်နဲ့ဝိုင်းပစ်ပြီး ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိတော့ သေနတ်ဒဏ်ရာတွေနဲ့၊ ပြီးတော့ လက်ထိပ်ခတ်တယ်၊ လူနာတင်ယာဥ်ခေါ်ပြီး ဆေးရုံကို ခေါ်သွားတယ်။”
စစ်ကောင်စီတပ်က အဆိုပါလူငယ်ရဲ့ ကျောပိုးအိတ်အတွင်း မီးရှို့စနက်တံပါ လက်လုပ်ဗုံးတလုံး၊ ၉-မမကျည် ခြောက်တောင့်နဲ့ ဆေးခြောက်တွေကို သိမ်းဆည်းရမိတယ်လို့ ပြောကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့ရဲ့ပြောစကားလေ။ ကျနော်တို့ကို ဖုန်းဆက်ပြောတာပဲရှိတယ်။ ဗုံးလာခွဲလို့ ပစ်ပြီး ဖမ်းထားတယ်။ ကျည်ထိသွားလို့ ဆေးရုံပို့ထားတယ်ပဲ သိရသေးတယ်။”
လတ်တလော ပစ်ခတ်ခံရသူလူငယ် ဘယ်မှာနေထိုင်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်မှာ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်တွေက ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပရိုဖိုင်အမည်းရောင် ချိန်းထားလို့ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးကလူတွေ ပေါင်းကာ လမ်းသွားလမ်းလာတွေကို ဖုန်းတွေစစ်ပြီး ဖမ်းဆီးတာ၊ ဆိုင်ကယ်တွေသိမ်းဆည်းကာ ဖမ်းဆီးတာတွေအပြင် ဟန်ပြဖမ်းဆီးပြီး ငွေကြေးသိန်းချီတောင်းတာတွေကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။