close

မန္တလေးတွင် စစ်တပ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် GZP အဖွဲ့ဝင် ရဲဘော် ၄ ဦး ကျဆုံး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း အဆုတ်ဆေးရုံရှေ့မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ဦးဟာ Generation Z Power အဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ Mandalay People Rescue (MPR) မှ ဗိုလ်ထက်အောင်က အတည်ပြု ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က ပုသိမ်ကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါ လူငယ် ၄ ဦးဟာ GZP မှ ဒုခေါင်းဆောင် ကျွဲကြီး (ခ) သက်နိုင်ထွန်း၊ ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင် (ခ) မိုးကို၊ တပ်ဖွဲ့ဝင် ဇေယျနဲ့ ကျော်စွာလင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

MPR မှ ဗိုက်ထက်အောင်က “ပုသိမ်ကြီးဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတုန်း လိုက်ပစ်ခံရတာလို့ သိရတယ်။ ၁၉ လမ်း အဆုတ်ဆေးရုံနားမှာ။ သူပစ် ကိုယ်ပစ်နဲ့ ၃ ယောက် နေရာတင်ကျတယ်။ တယောက်က အရှင်မိပြီးမှ အခုကြတော့ ၄ ယောက်လုံး အသေမိတယ် ပြောတယ်ဗျ။ UG တွေကိုမိတိုင်း သူတို့က သတ်ပစ်နေကျဆိုတော့ သိပ်မထူးဆန်းတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း အဆုတ်ဆေးရုံရှေ့မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ဦးဟာ Generation Z Power အဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဖော်ပြပါတယ်။

မန္တလေးမြို့မှာ ၄ လအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ UG တွေနဲ့ ထောက်ပို့အဖွဲ့ဝင်တွေ အပါအဝင် လူငယ်အယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး သတင်းမထွက်ဘဲ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့က UG အများစုဟာ နယ်ဘက်ကိုထွက်ကာ အင်အားစုနေကြတာဖြစ်ပြီး UG တွေဟာ တဖက်က ထောင်နှုတ်ခမ်းနဲ့ တဖက်မှာ သေလမ်း ခွနင်းထားရတဲ့ ဘဝတွေဖြစ်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြဖို့ ဗိုလ်ထက်အောင်က တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up