ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် အိမ်ရာရှေ့လမ်းမနဲ့ သာဓုကန်ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့ရှိ လမ်းသွယ်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ ရတယ်လို့ ရွှေပြည်သာမြို့ခံတွေက ပြောပါတယ်။
ရွှေပြည်သာဒေသခံတစ်ဦးက “အဓိက ဖမ်းတာက သာဓုကန်ထိပ်မှာ ဖမ်းတာ၊ ရွှေပြည်သာ အမှတ် ၄ လမ်းမပေါ်ပေါ့၊ အဲဒီမှာ စစ်တပ်က ဗျူဟာမှူး ရုံးထိုင်တာ၊ မနှစ်က အဲ့ရုံးကို ဗုံးအပစ်ခံရပြီး ကတည်းက ဖမ်းတာ၊ အခုဟာ လမ်းမပေါ်ဆို ဆိုင်ကယ်၊ ဘေးတွဲတွေက သိပ်တက်မမောင်းတော့ဘူး၊ အမှတ် ၄ ထဲကဆို လမ်းသွယ်တွေ များတယ်၊ အဲ့ထဲက ပတ်မောင်း နေတော့၊ စစ်သားတွေက လမ်းအချိုးကွေ့တွေမှာ ပုန်းပြီးတော့ ဖမ်းတာ၊ ရဲတောင်မပါဘူး၊ ပြောက်ကျားဝတ် စစ်သားတွေချည်းပဲ၊ သေနတ်နဲ့ ချိန်ပြီးတော့ကို ဖမ်းတာ၊ မနေ့က နေ့လယ်လောက်က ရပ်မပေးလို့ ဆိုပြီး ပြန်လှည့်ပြေးတဲ့အတွဲကို ပစ်ဖမ်းတာ၊ မိသွားတယ်”လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ၂၀၂၂၊ ဒီဇင်ဘာလမှာ ပိတ်ပင်ခဲ့တာဖြစ်ပေမဲ့ အဆိုပါမြို့နယ်တွေရဲ့ လမ်းအခြေအနေ၊ စက်ရုံ အလုပ်ရုံ တည်ရှိမှုတွေကြောင့် အလုပ်သွား အလုပ်ပြန်တွေနဲ့ ဘေးတွဲ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေက ဆိုင်ကယ်မရှိရင် အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။
“အလုပ်က မနက်ဆို ၃ နာရီလောက်ကတည်းက ကုန်စိမ်းကြို၊ ပို့ရတာ၊ အရင်ကဆို ဘေးတွဲကို လွှတ်ပေးသေးတယ်၊ အခု မရဘူး၊ ဘေးတွဲရော၊ ဆိုင်ကယ်ရော ရပ်ခိုင်းလို့ မရရင် အကုန် ပစ်ဖမ်းတာ၊ မနေ့ကဆို သာဓုထိပ်နားမှာ နှစ်ယောက်၊ မနက်က ၄ ရပ်ကွက်ထဲ တစ်ယောက် ဖမ်းသွားတယ်၊ တစ်ယောက်ဆို ဘတ္ထရီဆိုင်ကယ်ပါလို့ ပြောလည်း မရဘူး၊ ပါးတွေရိုက်ပြီး ခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေပြည်သာမြို့နယ် ငါးကန်ရှေ့မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ဆိုင်ကယ်ရပ်ခိုင်းပြီး ဖုန်းစစ်ဆေးခံခဲ့ရတဲ့ အမျိုးသားနှစ်ယောက်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးမှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လူငယ်လေးဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လှည့်ကင်းကားနဲ့ ဗိုလ်တထောင်ဘုရားအနီးကို ရောက်လာစဥ် လူငယ်လေးဦးကို မသင်္ကာလို့ စစ်ဆေးရာက ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကမ်းနားလမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
“စစ်ဆေးဖို့ သူတို့ခေါ်တယ်သာပြောတာ။ အင်္ကျီကိုဆွဲပြီး မျက်နှာကိုထိုးတာ၊ အဲ့လိုမလုပ်ဖို့ ပြောတော့ နောက်တဦးက ထပ်ပြီးထိုးတယ်။ အဲ့မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်နဲ့ပစ်တာ၊ ကောင်လေးတယောက် ခေါင်းကိုထိသွားတယ်။”
သေနတ်နဲ့ ခေါင်းကိုအပစ်ခံရတဲ့ လူငယ်ကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့တင်ပြီး ကျန်သုံးဦးကိုလည်း လက်ထိပ်ခတ်ကာ စစ်ကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ဗိုလ်တထောင်ဘုရားအနီး နေထိုင်သူတွေဆီက သိရပါတယ်။
လတ်တလော ဖမ်းဆီးခံရတဲ့ လူငယ်လေးဦးနဲ့ ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်အနေနဲ့ ဒီကနေ့မနက် ဖမ်းဆီးရမိတဲ့ လူငယ်လေးဦးမှာ အကြမ်းဖက်သမားတွေဖြစ်ပြီး လက်လုပ်ဗုံးတွေနဲ့ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။