close

ရွှေပြည်သာတွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် အိမ်ရာရှေ့လမ်းမနဲ့ သာဓုကန်ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့ရှိ လမ်းသွယ်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ ရတယ်လို့ ရွှေပြည်သာမြို့ခံတွေက ပြောပါတယ်။

ရွှေပြည်သာဒေသခံတစ်ဦးက “အဓိက ဖမ်းတာက သာဓုကန်ထိပ်မှာ ဖမ်းတာ၊ ရွှေပြည်သာ အမှတ် ၄ လမ်းမပေါ်ပေါ့၊ အဲဒီမှာ စစ်တပ်က ဗျူဟာမှူး ရုံးထိုင်တာ၊ မနှစ်က အဲ့ရုံးကို ဗုံးအပစ်ခံရပြီး ကတည်းက ဖမ်းတာ၊ အခုဟာ လမ်းမပေါ်ဆို ဆိုင်ကယ်၊ ဘေးတွဲတွေက သိပ်တက်မမောင်းတော့ဘူး၊ အမှတ် ၄ ထဲကဆို လမ်းသွယ်တွေ များတယ်၊ အဲ့ထဲက ပတ်မောင်း နေတော့၊ စစ်သားတွေက လမ်းအချိုးကွေ့တွေမှာ ပုန်းပြီးတော့ ဖမ်းတာ၊ ရဲတောင်မပါ‌ဘူး၊ ပြောက်ကျားဝတ် စစ်သားတွေချည်းပဲ၊ သေနတ်နဲ့ ချိန်ပြီးတော့ကို ဖမ်းတာ၊ မနေ့က နေ့လယ်လောက်က ရပ်မပေးလို့ ဆိုပြီး ပြန်လှည့်ပြေးတဲ့အတွဲကို ပစ်ဖမ်းတာ၊ မိသွားတယ်”လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ၂၀၂၂၊ ဒီဇင်ဘာလမှာ ပိတ်ပင်ခဲ့တာ‌ဖြစ်ပေမဲ့ အဆိုပါမြို့နယ်တွေရဲ့ လမ်းအခြေအနေ၊ စက်ရုံ အလုပ်ရုံ တည်ရှိမှုတွေကြောင့် အလုပ်သွား အလုပ်ပြန်တွေနဲ့ ဘေးတွဲ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေက ဆိုင်ကယ်မရှိရင် အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။

“အလုပ်က မနက်ဆို ၃ နာရီလောက်ကတည်းက ကုန်စိမ်းကြို၊ ပို့ရတာ၊ အရင်ကဆို ဘေးတွဲကို လွှတ်ပေးသေးတယ်၊ အခု မရဘူး၊ ဘေးတွဲရော၊ ဆိုင်ကယ်ရော ရပ်ခိုင်းလို့ မရရင် အကုန် ပစ်ဖမ်းတာ၊ မနေ့ကဆို သာဓုထိပ်နားမှာ နှစ်ယောက်၊ မနက်က ၄ ရပ်ကွက်ထဲ တစ်ယောက် ဖမ်းသွားတယ်၊ တစ်ယောက်ဆို ဘတ္ထရီဆိုင်ကယ်ပါလို့ ပြောလည်း မရဘူး၊ ပါးတွေရိုက်ပြီး ခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ငါးကန်ရှေ့မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ဆိုင်ကယ်ရပ်ခိုင်းပြီး ဖုန်းစစ်ဆေးခံခဲ့ရတဲ့ အမျိုးသားနှစ်ယောက်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up