နျူးကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုးရီးယားနိုင်ငံက မတ် ၁၂ ရက်မှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် ၂ စင်းကို ရေငုပ်သင်္ဘောကတဆင့် စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT မှာ ဖော်ပြပါတယ်။
အမေရိကန်နဲ့ တောင်ကိုးရီးယားအကြား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်တော့မယ့်အချိန်မှာပဲ မြောက်ကိုးရီးယားက အခုလို အင်အားပြ ပစ်ခတ်ခဲ့တာပါ။
မတ် ၁၃ ရက်က မြောက်ကိုးရီးယားနိုင်ငံပိုင် KRT ရုပ်သံမှာ ရေငုပ်သင်္ဘောကတဆင့် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဓာတ်ပုံ ၅ ပုံ ကို ထုတ်ပြန်ခဲ့ပြီး ဒါဟာ ရေငုပ်သင်္ဘောတပ်ဖွဲ့ရဲ့ ရေအောက်တိုက်ခိုက်မှုဆိုင်ရာ စစ်ဆင်ရေးအတွက် စမ်းသပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးဟာ မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူကလီးယား ဟန့်တားရေးဆိုင်ရာ စီမံချက် တစိတ်တပိုင်းဖြစ်သလို ဒီဒုံးကျည်ပစ်လွှတ်မှုစနစ်ရဲ့ ယုံကြည်စိတ်ချရမှုကိုပါ အတည်ပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
တောင်ကိုးရီးယားနိုင်ငံရဲ့ ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သူကတော့ နိုင်ငံစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားတဲ့အပြင် ထောက်လှမ်းအေဂျင်စီအနေနဲ့လည်း ဒီလိုဒုံးကျည်ပစ် လွှတ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် အမေရိကန် ထောက်လှမ်းရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။
“Freedom Shield 23" လို့ အမည်ပေးထားတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်စပြီး ၁၁ ရက်ကြာ ပြုလုပ်သွားဖြစ်ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအတိုင်းအတာနဲ့အတူ ပါဝင်သွားကြမှာပါ။
မြောက်ကိုးရီးယားဘက်ကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် မှတ်ယူထားတာကြောင့် ကာလရှည်ကြာ သဘောထားတင်းမာစွာနဲ့ တုံ့ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းဆီကို ဒီဇင်ဘာ ၁၈ ရက်မှာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းနဲ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုဟာ ပြင်းထန်တဲ့ လောင်စာခဲသုံး အင်ဂျင်ကို စမ်းသပ်ပြီးတဲ့နောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ် လာတာပါ။
သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေပြီး ဗျူဟာမြောက် လက်နက်သစ်တွေကို တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေလို့ ရွေးလျား တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် တွေကိုလည်း ပိုမြန်မြန် ပစ်လွှတ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက ကြီးကြပ်ကွပ်ကဲတဲ့ စမ်းသပ်မှုကို ဒီဇင်ဘာ ၁၅ ရက်က မြောက်ကိုရီးယားနိုင်ငံ ဆိုဟေးဂြိုလ်တု လွှတ်တင်ရေးကွင်းကနေ စီမံခန့်ခွဲခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
ဆိုဟေး ဂြိုလ်တုလွှတ်တင်ရေးကွင်းကို ဒုံးပျံအင်ဂျင်တွေနဲ့ အာကာသလွှတ်တင်ယာဉ်တွေ အပါအဝင် ဒုံးကျည်နည်းပညာတွေကို စမ်းသပ်ဖို့ သုံးခဲ့ဖူးပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ တားမြစ်ပိတ်ပင်မှုတွေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကြားကနေ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တဲ့ ICBM အပါအဝင် ဒုံးကျည်စမ်းသပ်မှု အများအပြားကို အခုနှစ်အတွင်း မကြုံစဖူး ပြုလုပ်ခဲ့ပါတယ်။