ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ဗိုလ်လုပွဲမှာ ယူကရိန်းကိုအနိုင်ရခဲ့တဲ့ ဝေးလ်အသင်းဟာ ၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိသွားပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာ ဂါရတ်ဘေးလ်ရဲ့ ဖရီးကစ်ကနေ တဆင့်ယာမိုလန်ကိုက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး အဲဒီသွင်းဂိုးနဲ့ပဲ ဝေးလ်အသင်းကအနိုင်ရခဲ့တာပါ။
ဝေးလ်အသင်းဟာ ၁၉၅၈ ခုနှစ် ဆွီဒင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ၆၄ နှစ် ကြာစောင့်ဆိုင်းခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားရောက်မှ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ကမ္ဘာ့ဖလားဝင်ခွင့်ရရရှိစေခဲ့တဲ့ ယူကရိန်းနဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲစဉ်ဟာ ကစားသမားဘဝတစ်လျှောက် အခမ်းနားဆုံးပွဲစဉ်ဖြစ်တယ်လို့လည်း ပွဲအပြီးမှာ ဝေးလ် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ပြောပါတယ်။
ကာတာကမ္ဘာ့ ဖလား မှာ ဝေးလ်အသင်းက လာမယ့်နိုဝင်ဘာ၂၁ရက်မှာ အမေရိကန်၊ နိုဝင်ဘာ ၂၅ရက်မှာ အီရန်၊ နိုဝင်ဘာ၂၉ရက်မှာ အင်္ဂလန်အသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ကာတာနိုင်ငံက လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသမီးကွင်းလယ်ဒိုင်တွေကို ပထမဆုံးအကြိမ် အသုံးပြုသွားမှာဖြစ်ပါတယ်။
အမျိုးသမီးကွင်းလယ်ဒိုင်တွေဟာ ဥရောပလိဂ်ပြိုင်ပွဲတချို့မှာ အသုံးပြုနေကြပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တကြိမ်မှ တာဝန်ပေးအပ်ခံရခြင်း မရှိခဲ့ဖူးပါဘူး။
လာမယ့်ကမ္ဘာ့ဖလားပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်မယ့် ဒိုင်လူကြီး ၁၂၉ ဦး လျာထားပြီး အဲဒီစာရင်းမှာ အမျိုးသမီး ဒိုင်လူကြီး ၆ ဦးအထိ ပါဝင်လာခဲ့တာပါ။ အမျိုးသမီးဒိုင် ၆ ဦးထဲမှာ ၃ ဦးက ကွင်းလယ်ဒိုင်လူကြီးတွေဖြစ်ပြီး နောက်ထပ် ၃ ဦးက စည်းကြပ်ဒိုင်လူကြီးတွေဖြစ်ပါတယ်။
ကွင်းလယ်ဒိုင် ၃ ဦးထဲမှာ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကိုင်တွယ်ဖူးတဲ့ ပြင်သစ် အမျိုးသမီးကွင်း လယ်ဒိုင် စတီဖန်နီဖရာပါ့သ်နဲ့ ဂျပန်အမျိုးသမီးကွင်းလယ်ဒိုင် ယိုရှီမီရာမာရှီတာတို့အပြင် အာဖရိက ဖလားမှာ ကိုင်တွယ်ဖူးတဲ့ ရဝမ်ဒါအမျိုးသမီးကွင်းလယ်ဒိုင် မူကန်ဆန်ဂါလည်း ရွေးချယ်ခံထားရပါတယ်။
ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲမှာ ဒိုင်လူကြီး ၃၆ ဦးက တာဝန်ယူကိုင်တွယ်သွားရမှာဖြစ်ပါတယ်။ လျာထားစာရင်းမှာ အင်္ဂလန်ဒိုင်တွေဖြစ်တဲ့ မိုက်ကယ်အိုလီဗာနဲ့ အန်ထော်နီတေလာတို့လည်း ပါဝင် ပါတယ်။