close

၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်များတွင် အမျိုးသမီးကွင်းလယ်ဒိုင် ပထမဆုံးအကြိမ် အသုံးပြုမည်

ကာတာနိုင်ငံက လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသမီးကွင်းလယ်ဒိုင်တွေကို ပထမဆုံးအကြိမ် အသုံးပြုသွားမှာဖြစ်ပါတယ်။ 

အမျိုးသမီးကွင်းလယ်ဒိုင်တွေဟာ ဥရောပလိဂ်ပြိုင်ပွဲတချို့မှာ အသုံးပြုနေကြပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တကြိမ်မှ တာဝန်ပေးအပ်ခံရခြင်း မရှိခဲ့ဖူးပါဘူး။ 

လာမယ့်ကမ္ဘာ့ဖလားပွဲစဉ်တွေကို  တာဝန်ယူကိုင်တွယ်မယ့် ဒိုင်လူကြီး ၁၂၉ ဦး လျာထားပြီး အဲဒီစာရင်းမှာ အမျိုးသမီး ဒိုင်လူကြီး ၆ ဦးအထိ ပါဝင်လာခဲ့တာပါ။  အမျိုးသမီးဒိုင် ၆ ဦးထဲမှာ ၃ ဦးက ကွင်းလယ်ဒိုင်လူကြီးတွေဖြစ်ပြီး နောက်ထပ် ၃ ဦးက စည်းကြပ်ဒိုင်လူကြီးတွေဖြစ်ပါတယ်။ 

ကွင်းလယ်ဒိုင် ၃ ဦးထဲမှာ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကိုင်တွယ်ဖူးတဲ့ ပြင်သစ် အမျိုးသမီးကွင်း လယ်ဒိုင် စတီဖန်နီဖရာပါ့သ်နဲ့ ဂျပန်အမျိုးသမီးကွင်းလယ်ဒိုင် ယိုရှီမီရာမာရှီတာတို့အပြင် အာဖရိက ဖလားမှာ ကိုင်တွယ်ဖူးတဲ့ ရဝမ်ဒါအမျိုးသမီးကွင်းလယ်ဒိုင် မူကန်ဆန်ဂါလည်း ရွေးချယ်ခံထားရပါတယ်။ 

ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲမှာ ဒိုင်လူကြီး ၃၆ ဦးက တာဝန်ယူကိုင်တွယ်သွားရမှာဖြစ်ပါတယ်။ လျာထားစာရင်းမှာ အင်္ဂလန်ဒိုင်တွေဖြစ်တဲ့ မိုက်ကယ်အိုလီဗာနဲ့ အန်ထော်နီတေလာတို့လည်း ပါဝင် ပါတယ်။ 

//
Up