close

ပနားမား

close

February 16, 2023

ပနားမားတွင် ဘတ်စ်ကား ချောက်ထဲကျပြီး လူ ၄၀ ခန့်သေဆုံး

ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၆၀ ကျော် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့တယ်လို့ ပနားမားနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ကိုလံဘီယာနဲ့ ဗဟိုအမေရိကကို ဆက်သွယ်ထားတဲ့ အန္တရာယ်ရှိတဲ့ တောနက်ကြီးဖြစ်တဲ့ Darien Gap ကိုဖြတ်ပြီး ခရီးသွားလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ကော်စတာရီကာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အနောက်ဘက်ကမ်းရိုးတန်းပြည်နယ် ချီရီကီရှိ ဂွါလာကာ ခိုလှုံရေးစခန်းဆီ ဦးတည်သွားခဲ့တာပါ။

ကွေ့ပတ်လမ်းတွေ အများကြီးရှိတဲ့ နယ်မြေထဲမှာ ဂွါလာကာစခန်းအနီး မတော်တဆမှုမှာ ဘတ်စ်ကားခရီးသည် ၆၆ ဦးထဲက တဝက်ကျော်လောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရထားတဲ့ လူ ၂၀ လောက်ကို ဆေးရုံတင်ထားရပြီး တချို့က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြောင်း ပနားမား လူမှုဖူလုံရေး အာဏာပိုင်တွေက ရိုက်တာကို ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အာဏာပိုင်တွေဟာ သေဆုံးသူတွေရဲ့ နိုင်ငံသားဖြစ်မှု အကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားတာ မရှိပေမဲ့လည်း ခရီးသည်တွေရဲ့ ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာသံရုံးတွေကို ပထမဆုံး ဆက်သွယ်သွားမယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ဗဟိုအမေရိကနိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံး ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မတော်တဆမှုအဖြစ် မှတ်သားထားပါတယ်။

15 mins Ago

May 21, 2022

အမေရိကန်သမ္မတကတော် ပနားမားနိုင်ငံသို့ ပညာရေး လေ့လာရေးခရီး သွားရောက်

ပနားမားနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင်ဟာ ပနားမားသမ္မတကတော် ကိုလွန်ဒီကော်တီဇိုက အစပြုလုပ်ဆောင်နေတဲ့ “လေ့လာသင်အံ ကြည့်ရှုနားထောင်ရန်” အစီအစဉ်အကြောင်း လေ့လာဖို့ မေ ၂၀ ရက်က ဒေသခံကျောင်းကို သွားရောက်ခဲ့ပါတယ်။ 

သမ္မတကတော်ဟာ ကျောင်းဆရာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးတွေရဲ့ မျက်စေ့နဲ့နား ကျန်းမာရေးကို အကဲဖြတ်ပုံကို လေ့လာခဲ့ပါတယ်။ 

ပညာရေးပါရဂူ ဂျေးဘိုင်ဒင်ဟာ စာသင်ခန်းဆရာအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော် ဖြစ်ချိန်ကတည်းကလည်း အင်္ဂလိပ်စာကို ဆက်လက်သင်ကြားပေးနေတာပါ။ 

သမ္မတကတော်ဟာ အိမ်ဖြူတော်အပြင်ဘက်မှာ ကိုယ်ပိုင်တဦးချင်း အသက်မွေးဝမ်းကြောင်း ပြုတဲ့ ပထမဆုံးအမျိုးသမီးလည်း ဖြစ်ပါတယ်။ 

မေ ၁၉ ရက်က အီကွေဒေါနိုင်ငံကို အလည်အပတ် သွားရောက်ပြီးနောက်မှာ သောကြာနေ့ နေ့လယ်ပိုင်းလောက်မှာတော့ ပနားမားကို ရောက်ရှိလာခဲ့ပြီး ပနားမားသမ္မတကတော်  ကိုလွန်ဒီကော်တီဇို နဲ့ သူ့သမီးကာရိုလီနာအက်စတာတို့က နိုင်ငံတော်ဧည့်ဆောင်မှာ ပထမဆုံး လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

ဒီခရီးစဉ်ဟာ လာမယ့်လ လော့စ်အိန်ဂျလိစ်မှာ အမေရိကန်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့ကြားကပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

ဒီအစည်းအဝေးအတွက် ကျူးဘား၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုတို့ရဲ့ အစိုးရအဖွဲ့တွေကတော့ ဖိတ်စာရမှာမဟုတ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတယောက်က ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။

9 months Ago
Up