ပနားမားတွင် ဘတ်စ်ကား ချောက်ထဲကျပြီး လူ ၄၀ ခန့်သေဆုံး

ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၆၀ ကျော် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့တယ်လို့ ပနားမားနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ကိုလံဘီယာနဲ့ ဗဟိုအမေရိကကို ဆက်သွယ်ထားတဲ့ အန္တရာယ်ရှိတဲ့ တောနက်ကြီးဖြစ်တဲ့ Darien Gap ကိုဖြတ်ပြီး ခရီးသွားလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ကော်စတာရီကာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အနောက်ဘက်ကမ်းရိုးတန်းပြည်နယ် ချီရီကီရှိ ဂွါလာကာ ခိုလှုံရေးစခန်းဆီ ဦးတည်သွားခဲ့တာပါ။
ကွေ့ပတ်လမ်းတွေ အများကြီးရှိတဲ့ နယ်မြေထဲမှာ ဂွါလာကာစခန်းအနီး မတော်တဆမှုမှာ ဘတ်စ်ကားခရီးသည် ၆၆ ဦးထဲက တဝက်ကျော်လောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒဏ်ရာရထားတဲ့ လူ ၂၀ လောက်ကို ဆေးရုံတင်ထားရပြီး တချို့က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြောင်း ပနားမား လူမှုဖူလုံရေး အာဏာပိုင်တွေက ရိုက်တာကို ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အာဏာပိုင်တွေဟာ သေဆုံးသူတွေရဲ့ နိုင်ငံသားဖြစ်မှု အကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားတာ မရှိပေမဲ့လည်း ခရီးသည်တွေရဲ့ ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာသံရုံးတွေကို ပထမဆုံး ဆက်သွယ်သွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ဗဟိုအမေရိကနိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံး ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မတော်တဆမှုအဖြစ် မှတ်သားထားပါတယ်။