မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင် ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကူညီရင်းနဲ့ လူမှုကူညီရေးအသင်းဝင် ပရဟိတသမား ၁၁ ဦး ကိုဗစ်-၁၉ ရာဂါ ကူးစက်ခံထားရပါတယ်။
မြတ်စေတနာလူမှုကူညီရေးအသင်းဝင် ၄ ဦး ၊ ပါရီလူမှုကူညီရေးအသင်းဝင် ၆ ဦးနဲ့ မိုးကုတ် Rescue အသင်းဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာဖြစ်ပြီး လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ လူအင်အားလိုအပ်နေကာ အောက်ဆီဂျင်အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ခံ လူမှုကူညီရေးအသင်းသား ၁ ဦးက “ကျနော်တို့ လက်ရှိမြေပြင်မှာတော့ ကူညီနေတုန်းပါပဲ။ ကျနော်တို့ အသင်းသား ဒီနေ့လည်း နှစ်ယောက် ပိုးထိထားတော့ လူအင်အားနည်းပြီး လူအင်အားလိုအပ်နေတယ်”လို့ ပြောပါတယ်။
မိုးကုတ်မြို့က အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အောက်ဆီဂျင်အိုးတွေကို မန္တလေး၊ တကောင်း ဘက်တွေကနေ သယ်နေရတာဖြစ်ပြီး ခရီးဝေးတာကြောင့် သယ်ယူရတဲ့နေရာတွေမှာ အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ပိုးတွေ့လူနာများပြားလာပြီး ဇူလိုင် ၂၀ ရက်အထိ ပိုးတွေ့လူနာ ၂၀၀ ဝန်းကျင်ရှိလာကာ သေဆုံးသူ အယောက် ၃၀ နီးပါးရှိလာတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က သုခကာရီပရဟိတအသင်းသားလည်းဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်ကို ဇွန်လ ၂၉ ရက်နေ့ညပိုင်းက ပြည်မြို့ကို လူနာပို့ပြီးအပြန်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
မိသားစုဝင်တဦးက "လူနာပို့ပြီးအပြန် ပေါင်းတည်ဘက်မှာ အဖမ်းခံရတယ်လို့ သိရတယ်။ ကားထဲက သူ့တယောက်တည်းကို ရွေးဖမ်းသွားတာ။ အခုတော့ နတ်တလင်းရဲစခန်းမှာ ဖမ်းထားပါတယ်” လို့ အတည်ပြုပြောပါတယ်။
အဖမ်းဆီးခံရသူ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်မှာ ဒေသတွင်း အများပြည်သူအကျိုးကိစ္စများကို အားကျိုးမာန်တက် ကူညီလုပ်ကိုင်ပေးနေသူတဦးဖြစ်ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။