အပူချိန်နိမ့်တဲ့နေရာမှာ ပလတ်စတစ်ကို ချေဖျက်ပေးနိုင်တဲ့ အဏုဇီဝ ဘက်တီးရီးယားပိုးတမျိုးကို အဲလ်ပ်စ်နဲ့ အာတိတ်ဒေသမှာရှိတဲ့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး Recycle ပြန်လည်အသုံးပြုတဲ့နေရာ အဖိုးတန်ကိရိယာတခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Swiss Federal Institute WSL မှ သိပ္ပံပညာရှင်တွေက ဒီဘက်တီးရီးယားပိုးဟာ ၁၅ ဒီဂရီ စင်တီဂရိတ်မှာ လုပ်ဆောင်နိုင်ပြီး ပြန်လည်အသုံးပြုတဲ့အခါ အောင်မြင်စေတဲ့အကြောင်း တွေ့ရှိချက်ကို Frontier in Microbiology ဂျာနယ်မှာ ထုတ်ဝေထားပါတယ်။
WSL မှ ဒေါက်တာ ဂျိုးလ် ရူသီနဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ ဂရင်းလန်း၊ ဆယ်ဘက်နဲ့ ဆွစ်ဇာလန်တို့က မြေကြီးထဲမှာ ပလတ်စတစ်တွေကို ၁ နှစ်ကြာအောင် ရယ်ရွယ်ချက်ရှိရှိ မြှုပ်နှံထားပြီး ၁၅ ဒီဂရီစင်တီဂရိတ်မှာ ဘက်တီးရီးယားတွေဟာ ပလတ်စတစ်တွေကို ချေဖျက်နိုင်စွမ်းရှိမရှိ စမ်းသပ်ခဲ့ပါတယ်။
စမ်းသပ်ထားတဲ့ ပလတ်စတစ်တွေမှာ Polyethylene (PE)၊ Polyester polyurethane (PUR)၊ Polybutylene Adipate Terephthalate(PBAT) နဲ့ Polylactic acid(PLA) တို့ ပါဝင်ပါတယ်။
ဒီပလတ်စတစ်ထဲမှာ ၁၂၆ ရက်ကြာတဲ့အထိ PE တွေကိုတော့ ဒီဘက်တီးရီးယားတွေက ချေဖျက်နိုင်ခြင်းမရှိဘဲ PUR ကိုတော့ မှို ၁၁ မျိုးနဲ့ ဘက်တီရီးယား ၈ မျိုးက ၅၆ ရာခိုင်နှုန်းအထိ ချေဖျက်နိုင်ခဲ့ပြီး PBAT နဲ့ PLA ပလတ်စတစ်ကိုတော့ မှို ၁၄ မျိုးနဲ့ ဘက်တီးရီးယား ၃ မျိုးက ချေဖျက်နိုင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေဟာ PE ကလွဲပြီး စမ်းသပ်ထားတဲ့ ပလတ်စတစ်အားလုံးကို ချေဖျက်နိုင်တဲ့ မျိုးစိတ်တွေကတော့ နီယိုဒိုင်ဗာစီရာနဲ့ လာချယ်လူနာတို့ဟာ အကောင်းဆုံး မှိုမျိုးစိတ် ၂ ခု ဖြစ်ေကြာင်း တွေ့ရှိခဲ့ပါတယ်။
ပလတ်စတစ်တွေကို ၁၉၅၀ ခုနှစ်တည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး ပလတ်စတစ် ညစ်ညမ်းမှုဟာ သဘာဝဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်တွေရဲ့ စွမ်းဆောင်နိုင်မှုကို လျော့ကျစေကာ သန်းပေါင်းများစွာသောလူတွေရဲ့ အသက်မွေးဝမ်းကျောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု စွမ်းရည်နဲ့ လူမှုဖူလုံရေးတို့ကို ထိခိုက်စေပါတယ်။
Source - The Guardian
ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရီဆူအန်တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ ပထမဦးဆုံးအနေနဲ့ ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးပြုကာ ကျည်ဆန်တွေကိုကာနိုင်တဲ့ ကျည်ကာဝတ်စုံကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The ThaigeAr သတင်းဌာနက မေ ၁ဝ ရက်မှာ ဖော်ပြပါတယ်။
ဒီတီထွင်မှုကို ထိုင်းအမျိုးသားသုတေသနကောင်စီရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ဒေသတွင်း လူမှုအသိုင်းအဝိုင်းက ပလတ်စတစ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို ပေါင်းစပ်ပြီး တီထွင်ခဲ့တာဖြစ်ကာ ဒီဝတ်စုံရဲ့ အရည်အသွေးအနေနဲ့ ၇ မီတာ၊ ၁ဝ မီတာ၊ ၁၅ မီတာ၊ ၂၅ မီတာကနေ ၉ မမကျည်၊ ၁၁ မမကျည်တွေနဲ့ ပစ်ခတ်တာတွေကို ထိုင်းတော်ဝင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင် စမ်းသပ်ခဲ့ပြီး အောင်မြင်ခဲ့တာလို့ နာရီဆူအန်တက္ကသိုလ်ပါမောက္ခ ကန်းကနုတ် အင်ကနိနန်က ပြောပါတယ်။
အဆိုပါဝတ်စုံတီထွင်မှုမှာတော့ ကားမီးသီး၊ ရာဘာဖိနပ်နဲ့ ပင်လယ်ထဲက စွန့်ပစ် ပလတ်စတစ်အမှိုက်တွေ ပါဝင်ခဲ့ပြီး ဒီထုတ်လုပ်အောင်မြင်ပြီး ဝတ်စုံတွေကို ပစ်စနလော့ခ်ခရိုင်ထဲက ထိုင်းတော်ဝင်တပ်မတော် တပ်နယ် ၃ ကို မေ ၈ ရက်မှာ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို တီထွင်မှုနဲ့ ဝတ်စုံတွေ ပေးအပ်ခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းတော်ဝင်တပ်မတော် တပ်နယ် ၃ က ဗိုလ်ချုပ် ပရဆန်ဆဲန်ဆီရီရတ်က ဒီကျည်ကာဝတ်စုံတွေက လက်ရှိ ပြည်ပကနေဝယ်ယူရတဲ့ ကျည်ကာတွေထက် စရိတ်အများအပြားသက်သာပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း ဘတ် ၁ဝ,၀၀၀ ခန့်သာ ရှိတဲ့အတွက် ချီးကျူးရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
source : Thethaiger
ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ၂၀၂၄ ခုနှစ် အဆုံးပိုင်းမှာ ပလတ်စတစ် ညစ်ညမ်းမှုကို အဆုံးသတ်ဖို့ ကုလသမဂ္ဂသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့ ကမ္ဘာကြီးရဲ့ စွန့်ပစ်ပစ္စည်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ သဘောတူစာချုပ်ကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ ကျွမ်းကျင်သူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ သဘောတူစာချုပ်အရ ပလတ်စတစ်အသုံးပြုမှု လျှော့ချဖို့ တခါသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြမှု ပိတ်ပင်တာ၊ ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်း ထုတ်လုပ်သူတွေကို ဒဏ်ငွေကောက်တာနဲ့ ပလတ်စတစ်ထုတ်လုပ်မှုအတွက် အခွန်ကောက်ခံတာတွေသာ ပြုလုပ်ခဲ့တဲ့အတွက် အဆက်မပြတ်မြင့်တက်လာတဲ့ ပလတ်စတစ် အသုံးပြုမှုနဲ့ ထုတ်လုပ်မှုကို မတားဆီးနိုင်ဘူးလို့ အစီရင်ခံစာမှာ သတိပေး ထုတ်ပြန်ထားပါတယ်။
အစီရင်ခံစာ တွဲဖက်ရေးသားသူ ပါကာက “ဒီပြဿနာက မဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေ၊ ခိုင်ခံ့တဲ့ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ စီးပွားရေးဆိုင်ရာ မက်လုံးတွေနဲ့ဆို ဖြေရှင်းနိုင်လိမ့်မယ်” လို့ ပြောပါတယ်။
၁၉၅၀ ပြည့်နှစ်မှာ တကမ္ဘာလုံးအနေနဲ့ ပလတ်စတစ်တန်ချိန် ၂ သန်းလောက်ပဲ ထုတ်လုပ်ခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ပလတ်စတစ်အသုံးပြုမှုဟာ ၂၀၁၉ ခုနှစ်ရဲ့ နှစ်ဆနီးပါးဖြစ်လာပြီး နှစ်စဉ် ပလတ်စတစ်တန်ချိန်ပေါင်း ၄၅၁ သန်းအထိ မြင့်တက်လာတာကြောင့် ကုလသဘောတူစာချုပ် မူဝါဒတွေက အသုံးပြုမှုသတ်မှတ်ချက်အောက်ရောက်အောင်လုပ်ဖို့ အရမ်းအားနည်းလွန်းတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံအများစုမှာ စွန့်ပစ်ပလတ်စတစ် ထုတ်လုပ်မှုကို မထိန်းချုပ်နိုင်ဘဲ ပလတ်စတစ်အသစ်တွေက ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်း ထုတ်လုပ်တာထက် ပိုဈေးသက်သာတဲ့အတွက် နှစ်စဉ် ပလတ်စတစ်တန်ချိန်များစွာ ထုတ်လုပ်နေတာဖြစ်ပြီး စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှု မြင့်တက်နေတာ ဖြစ်ပါတယ်။