အာဏာရ ကော်လိုရာဒိုပါတီက သက်သောင့်သက်သာ အနိုင်ရသွားတဲ့ ပါရာဂွေး သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ တိုင်ကြားမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲတွေကို ပြန်လည်ရေတွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံး ရရှိခဲ့တဲ့ လက်ယာယိမ်း သမ္မတလောင်း ပါရာဂွါယို ကူဘားစ်ရဲ့ ထောက်ခံသူတွေဟာ မေ ၁ ရက်က ရွေးကောက်ပွဲ တရားရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာပါ။
ပါရာဂွါယို ကူဘားစ်ကို ထောက်ခံသူ ရာပေါင်းများစွာ စုရုံးခဲ့ကြပြီးနောက်မှာ ရဲတပ်ဖွဲ့က တရားရုံးချုပ်ကို ခြံစည်းရိုးခတ်ပြီး ခဲနဲ့ပေါက်တဲ့ ဆန္ဒပြလူငယ်တွေကို ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တခြားနေရာတွေမှာလည်း ဆန္ဒပြသူတွေဟာ တာယာတွေကို မီးရှို့ခဲ့ကြပြီး မေ ၃၁ ရက်က မဲ ၄၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် စီးပွားရေးပညာရှင် ဆန်တီယာဂို ပီနာရဲ့ ဓာတ်ပုံနဲ့ ဘေလ်ဘုတ်တွေကို ဖျက်ဆီးပြီးတော့ လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
ဒုတိယနေရာက Efrain Alegre က မဲ ၂၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး တတိယနေရာက ကူဘားစ်ဟာ မဲ ၂၃ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိတာကြောင့် ရွေးကောက်ပွဲ လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
ကူဘားစ်ဟာ မဲတွေကို ပြန်ရေတွက်ဖို့ အင်စတာဂရမ်မှာ ပို့စ်တခုတင်ပြီး ထောက်ခံသူတွေကို ရွေးကောက်ပွဲရလဒ်အား ကန့်ကွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒုတိယ မဲအများဆုံး အယ်လီဂရီဟာ မဲတွေကို ပြန်ရေတွက်ဖို့နဲ့ အီလက်ထရွန်နစ် မဲပုံးတွေမှာ အသုံးပြုတဲ့ ကွန်ပျူတာ ပရိုဂရမ်တွေကို နိုင်ငံတကာ စစ်ဆေးမှုပြန်လုပ်ဖို့ ရွေးကောက်ပွဲ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။
ပါရာဂွေးနိုင်ငံ မြို့တော်အဲ့စ်နားမှာ နိုင်ငံတကာကို တင်ပို့မယ့် သကြားတွေနဲ့အတူ ရောထည့်ထားတဲ့ ကိုကင်း မူးယစ်ဆေး ကီလို ၃၄၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတွေက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
ဒါဟာ နိုင်ငံအတွင်း အကြီးဆုံး မူးယစ်ဆေး ဖမ်းမိမှုပဲလို့လည်း ပြောလိုက်ပါတယ်။ တောင်အမေရိကတိုက် အန်ဒီယံဒေသမှာ ပေါက်တဲ့ ကိုကာရွက်တွေကနေ ထုတ်လုပ်ထားတဲ့ တရားမဝင် မူးယစ်ဆေးတွေကို မြို့တော်ဆင်ခြေဖုံးက ဖာနန်ဒိုဒေလာမိုရာ ရပ်ကွက်က ကုန်လှောင်ရုံထဲမှာ တွေ့ခဲ့တာလို့ အမျိုးသားရဲမှူးကြီး လူးဝစ် အရိုင်းယတ်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကုန်စည်တွေကို အော်ဂဲနစ်သကြားထုတ်တွေအဖြစ် ပုံမှားရိုက်ပြီး သင်္ဘောနဲ့တင်ပို့ဖို့ ပြင်ဆင်နေခဲ့တာလို့လည်းဆိုပါတယ်။
၂၀၂၀ အောက်တိုဘာတုန်းကလည်း ပါရာဂွေးနိုင်ငံ မြို့တော်နဲ့ ကီလို ၄၀ အကွာက ဗယ်လေတာ ပုဂ္ဂလိက ဆိပ်ကမ်းမှာ မီးသွေးအိတ်တွေထဲမှာ ဝှက်ထားတဲ့ ကိုကင်း ကီလို ၂၉၀၀ ကျော်ကို သိမ်းဆည်းရမိဖူးပါတယ်။
ပါရာဂွေးဟာ ဒေသတွင်းမှာ ဆေးခြောက် အဓိက ထုတ်လုပ်သူ နိုင်ငံပါ။ ခုတော့ ဥရောပနဲ့ တခြားဈေးကွက်တွေအတွက် အန်ဒီယန်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကိုကင်းတွေအတွက် ကြားခံစခန်းနိုင်ငံအဖြစ် သတ်မှတ် ခံနေရပါတယ်။