ပါရာဂွေးနိုင်ငံ၌ ကိုကင်း ၃၄၀၀ ကီလို သိမ်းဆည်းရမိ

ပါရာဂွေးနိုင်ငံ မြို့တော်အဲ့စ်နားမှာ နိုင်ငံတကာကို တင်ပို့မယ့် သကြားတွေနဲ့အတူ ရောထည့်ထားတဲ့ ကိုကင်း မူးယစ်ဆေး ကီလို ၃၄၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတွေက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
ဒါဟာ နိုင်ငံအတွင်း အကြီးဆုံး မူးယစ်ဆေး ဖမ်းမိမှုပဲလို့လည်း ပြောလိုက်ပါတယ်။ တောင်အမေရိကတိုက် အန်ဒီယံဒေသမှာ ပေါက်တဲ့ ကိုကာရွက်တွေကနေ ထုတ်လုပ်ထားတဲ့ တရားမဝင် မူးယစ်ဆေးတွေကို မြို့တော်ဆင်ခြေဖုံးက ဖာနန်ဒိုဒေလာမိုရာ ရပ်ကွက်က ကုန်လှောင်ရုံထဲမှာ တွေ့ခဲ့တာလို့ အမျိုးသားရဲမှူးကြီး လူးဝစ် အရိုင်းယတ်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကုန်စည်တွေကို အော်ဂဲနစ်သကြားထုတ်တွေအဖြစ် ပုံမှားရိုက်ပြီး သင်္ဘောနဲ့တင်ပို့ဖို့ ပြင်ဆင်နေခဲ့တာလို့လည်းဆိုပါတယ်။
၂၀၂၀ အောက်တိုဘာတုန်းကလည်း ပါရာဂွေးနိုင်ငံ မြို့တော်နဲ့ ကီလို ၄၀ အကွာက ဗယ်လေတာ ပုဂ္ဂလိက ဆိပ်ကမ်းမှာ မီးသွေးအိတ်တွေထဲမှာ ဝှက်ထားတဲ့ ကိုကင်း ကီလို ၂၉၀၀ ကျော်ကို သိမ်းဆည်းရမိဖူးပါတယ်။
ပါရာဂွေးဟာ ဒေသတွင်းမှာ ဆေးခြောက် အဓိက ထုတ်လုပ်သူ နိုင်ငံပါ။ ခုတော့ ဥရောပနဲ့ တခြားဈေးကွက်တွေအတွက် အန်ဒီယန်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကိုကင်းတွေအတွက် ကြားခံစခန်းနိုင်ငံအဖြစ် သတ်မှတ် ခံနေရပါတယ်။