ပါလက်စတိုင်းစစ်သွေးကြွ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ခါဒရ် အက်ဒ်နန်ဟာ ၈၇ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် မေ ၂ ရက်က အစ္စရေးအကျဉ်းထောင်မှာ သေဆုံးသွားခဲ့ကြောင်း အစ္စရေးအကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။
အက်ဒ်နန်ဟာ ဆေးစစ်မှုခံယူဖို့နဲ့ ဆေးကုသမှုခံယူဖို့ကို ငြင်းဆိုခဲ့ပြီး အင်္ဂါနေ့ မနက်အစောပိုင်းမှာ သူ့အကျဉ်းခန်းထဲမှာ သတိလစ်နေတာကို တွေ့ရှိခဲ့ရကြောင်း အစ္စရေးက ပြောပါတယ်။
အက်ဒ်နန်သေဆုံးမှုဟာ အဖြေမရမချင်း ပြီးမသွားဘူးလို့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်တွေ ကတိပြုပြီး သိပ်မကြာခင်မှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ ဥသြသံတွေ ထွက်ပေါ်လာပြီး အစ္စရေး ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေကို ခိုလှုံမယ့်နေရာတွေဆီ ပြေးကြဖို့ အချက်ပေးခဲ့ပါတယ်။
ဂါဇာကမ်းေမြာင်က အစ္စရေးပိုင်နက်ဆီကို ဦးတည်ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၃ စင်းဟာ ကွင်းပြောင်ပြောင်နေရာတွေမှာ ကျရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပါတယ်။
ခါဒရ် အက်ဒ်နန်ကို သွေးအေးအေးနဲ့ ကွပ်မျက်လိုက်တာပါလို့ ဂါဇာရှိ WAED အကျဉ်းသားများအသင်းက ရိုက်တာသတင်းဌာနကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း အကျဉ်းသားများအဖွဲ့ရဲ့ အဆိုအရ အက်ဒ်နန်ဟာ အစ္စရေးရဲ့ ထိန်းသိမ်းမှု ၁၂ ကြိမ်ရှိခဲ့ပြီး အများစုမှာ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုအောက်မှာ ထောင်ဒဏ် ၈ နှစ်လောက် ချမှတ်ခံခဲ့ရပါတယ်။
အစ္စရေးက အက်ဒ်နန်ကို အကြမ်းဖက်တာကို ထောက်ပံ့ကူညီမှု၊ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှု၊ လှုံ့ဆော်မှုတွေနဲ့ စွပ်စွဲထားတာပါ။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျနင်မြို့က အသက် ၄၅ နှစ်အရွယ် အက်ဒ်နန်ဟာ ၂၀၀၄ ခုနှစ်ကစတင်ပြီး အကျဉ်းထောင်ကို ဝင်လိုက်ထွက်လိုက်ကြုံခဲ့ရကာ အစာငတ်ခံ ဆန္ဒပြမှု ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွတွေဟာ ဇန်နဝါရီ ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတောင်ပိုင်းဒေသကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ဒုံးကျည်ကာကွယ်ရေးစနစ်က ဟန့်တားနိုင်ခဲ့ပြီး အဲဒီနောက် အစ္စရေးတို့က ဂါဇာကမ်းမြောင်မှာ ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေအတွင်း တကြိမ်တည်းမှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က အစ္စရေးရဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဝင်ရောက်စီးနင်းခဲ့မှုအပြီး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဂါဇာနယ်စပ်အနီးရှိ အစ္စရေးအသိုင်းအဝန်းမှာ ညတွင်းချင်း ဒုံးကျည်ပစ်ခတ်မှု အချက်ပေး ဥသြသံတွေ ထွက်ပေါ်လာခဲ့ပြီး ဒေသခံတွေကို အကာအကွယ်ယူကြဖို့ သတိပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ မရကြကြောင်းလည်း သိရပါတယ်။
နာရီအနည်းငယ်အကြာမှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးလေယာဉ်တွေဟာ ဟားမက်စ် လေ့ကျင့်ရေးစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းမျက်မြင်သက်သေတွေက ပြောပါတယ်။
ပါလက်စတိုင်းဘက်မှာလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။