ပါလက်စတိုင်းသေနတ်သမားတစ်ဦးဟာ ကားပေါ်က အစ္စရေးစုံတွဲကို အနောက်ဘက်ကမ်းက မြို့မှာ မတ် ၁၉ ရက်က ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
ပြီးခဲ့တဲ့လက ဒီမြို့မှာပဲ အလားတူပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့လို့ အစ္စရေးအခြေချနေထိုင်သူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။
သေနတ်ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသွားတဲ့ အစ္စရေးလူမျိုးနဲ့ စစ်သားတွေဟာ အခင်းဖြစ်ပွားရာမှာ သေနတ်သမားကို ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ဏ်ရာရရှိသွားပြီး တရားခံကို ဖမ်းဆီးရမိ ခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက အတည်ပြုပါတယ်။
လတော်တော်ကြာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ငြိမ်သက်လာအောင် ရည်ရွယ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေအကြား အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆွေးနွေးပွဲတွေကို အီဂျစ်နိုင်ငံမှာ ကျင်းပနေချိန်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်လာခဲ့ တာပါ။
လွန်ခဲ့တဲ့လက ဟားမက်စ် အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ရဲ့ သေနတ်သမားတစ်ဦးက အစ္စရေး အခြေချနေထိုင်သူ နှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဟာဝါရာမြို့မှာ နောက်ထပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေအကြား တင်းမာမှုဖြေလျှော့ရေး ဆွေးနွေးပွဲ ကျင်းပတဲ့နေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ပြီး အနောက်ဘက်ကမ်းဒေသမှာပါ လှုပ်ရှားနေတဲ့ ဟားမက်စ် အဖွဲ့က ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အကြား တင်းမာမှုလျှော့ချရေး ဆွေးနွေးပွဲတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ သိမ်းပိုက်မှုအပေါ် သဘာဝအတိုင်းတုံ့ပြန်မှု သာဖြစ်တယ်လို့ ဟားမက်စ်အဖွဲ့က တာဝန်ခံပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းက ဟားမတ်စ်အစ္စလာမ္မစ်တွေရဲ့ နယ်မြေထဲမှာ ဒုံးကျည်တွေထုတ်လုပ်ဖို့ အသုံးပြုနေတဲ့ မြေအောက်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ပေါက်ကွဲသံ အတော်များများ ဆူညံနေခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေကလည်း ပြောပါတယ်။
ဂါဇာကနေ နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်စာရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ ပါလက်စတိုင်းတွေဘက်က မပြောသေးပါဘူး။
ဟားမတ်စ် အမာခံအဖွဲ့သားတွေဟာ ၂၀၀၇ မှာ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး အဲဒီအချိန်တည်းက အစ္စရေးနဲ့ စစ်ပွဲအတော်များများ ဖြစ်ခဲ့တာပါ။
ဂါဇာက အဖွဲ့ငယ်တွေက အစ္စရေးကို တိုက်ခိုက်တဲ့အခါ ယေဘုယျအားဖြင့် အစ္စရေးက ဟားမတ်စ်ကို လက်တုံ့ပြန်လေ့ရှိပါတယ်။
အစ္စရေးမြေပြင်တပ်တွေက ဟားမတ်စ်တွေရဲ့ နယ်စပ်တပ်စခန်းတွေကို တနင်္လာနေ့က ပစ်ခတ်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂါဇာနယ်စပ်နားက အစ္စရေးမြို့တွေမှာ ဥဩသံတွေ ဆူညံနေပြီး နောက်ထပ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ အလားအလာတွေကို သတိပေးနေပါတယ်။