ပါလက်စတိုင်း ဟားမတ်စ်နယ်မြေကို အစ္စရေး တိုက်ခိုက်

ပါလက်စတိုင်းက ဟားမတ်စ်အစ္စလာမ္မစ်တွေရဲ့ နယ်မြေထဲမှာ ဒုံးကျည်တွေထုတ်လုပ်ဖို့ အသုံးပြုနေတဲ့ မြေအောက်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ပေါက်ကွဲသံ အတော်များများ ဆူညံနေခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေကလည်း ပြောပါတယ်။
ဂါဇာကနေ နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်စာရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ ပါလက်စတိုင်းတွေဘက်က မပြောသေးပါဘူး။
ဟားမတ်စ် အမာခံအဖွဲ့သားတွေဟာ ၂၀၀၇ မှာ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး အဲဒီအချိန်တည်းက အစ္စရေးနဲ့ စစ်ပွဲအတော်များများ ဖြစ်ခဲ့တာပါ။
ဂါဇာက အဖွဲ့ငယ်တွေက အစ္စရေးကို တိုက်ခိုက်တဲ့အခါ ယေဘုယျအားဖြင့် အစ္စရေးက ဟားမတ်စ်ကို လက်တုံ့ပြန်လေ့ရှိပါတယ်။
အစ္စရေးမြေပြင်တပ်တွေက ဟားမတ်စ်တွေရဲ့ နယ်စပ်တပ်စခန်းတွေကို တနင်္လာနေ့က ပစ်ခတ်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂါဇာနယ်စပ်နားက အစ္စရေးမြို့တွေမှာ ဥဩသံတွေ ဆူညံနေပြီး နောက်ထပ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ အလားအလာတွေကို သတိပေးနေပါတယ်။