မြန်မာစစ်ကောင်စီဝန်ကြီးတွေ၊ စစ်တပ်အရာရှိကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၂ ယောက်နဲ့ စစ်တပ်ဒေါက်တိုင် ကုမ္ပဏီလုပ်ငန်း ၄ ခုကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်လိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုမိုဖြစ်ပွားနေပြီး သေကျေပျက်စီးမှုအခြေအနေ ဆက်လက်ဆိုးဝါး နေတာကြောင့် ဥရောပကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုကို စတုတ္ထ အကျော့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်လိုက်တာလို့ ဆိုပါတယ်။
ဒဏ်ခတ်အရေးယူခံရသူတွေအထဲမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်နိုင်ဦး၊ ဦးချာလီသန်း၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ မြန်မာစစ်တပ် အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး တေဇကျော် (အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး) ၊ ဒုဗိုလ်ချုပ်ကြီး အောင်ဇော်အေး (အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး) နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်တို့ လည်းပါဝင်ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ဒေါက်တိုက်ကုမ္ပဏီတွေဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စု၊ IGE (International Group of Enterpreneurs), ကုမ္ပဏီလုပ်ငန်းအုပ်စု၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ လုပ်ငန်း ၄ ခုလည်း ပိတ်ဆို့ဒဏ်ခတ်တဲ့အထဲ ပါဝင်ပါတယ်။
အခုထပ်မံအရေးယူလိုက်တာအပါအဝင် အီးယူကပိတ်ဆို့ဒဏ်ခတ်အရေးယူထားသူစုစုပေါင်း ၆၅ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀ ခုရှိသွားပြီး အရေးယူခံရသူတွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဝင်ငွေရလမ်းတွေကို တားမြစ်တာ၊ အီးယူပိုင်နက်အတွင်း ဝင်ရောက်ဖြတ်သန်း ခရီးသွားလာခွင့်ပိတ်ပင်တာတွေ ခံရမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နဲ့ စစ်တပ်လက်အောက်ခံ စစ်ရုံး ၃ ရုံးကို ယူကေ၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။
အရပ်သားပြည်သူတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း ၄ ခုကို အရေးယူပိတ်ဆို့မှုအသစ်တွေကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ ချမှတ်လိုက်တာလို့ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ယူကေအစိုးရက ပူးတွဲထုတ်ပြန်လိုက်တာပါ။
အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ မြန်မာစစ်တပ်အတွက် အရန်အင်အားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ဖြစ်ပါတယ်။
ခုလို ပိတ်ဆို့ဒဏ်ခတ်လိုက်တာနဲ့ ပတ်သက်ပြီး အာရှရေးရာ ယူကေ၀န်ကြီး အမန်ဒါမေးလ်လင်းက “မြန်မာစစ်အာဏာရှင်က ပြည်သူလူထူရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖမ်းဆီးတာတွေနဲ့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေပါတယ်။ ယူကေအစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားမှာမဟုတ်ပါ။ ဒီလိုမျိုး အလွန်ဆိုးရွားပြင်းထန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေဆီ စစ်တပ်က လက်လှမ်းမှီမရောက်ရှိနိုင်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီး တာ၀န်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်သွားမှာပါ။”လို့ ပြောပါတယ်။
အဆိုပါအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်ရဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရပ်သားပြည်သူလူထုအပေါ် ဆက်လက်ဖိနှိပ်နေမှုကို ပံ့ပိုးပေးနေသလို ဖြစ်နေတယ်လို့ ယူကေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်လုပ်လိုက်တဲ့အပေါ် Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်ပြီး ခုလို မြန်မာစစ်တပ်ရဲ့ ဝင်ငွေနဲ့ လက်နက် အရင်းအမြစ်တွေကို စနစ်တကျ သတ်မှတ်ပိတ်ဆို့ဒဏ်ခတ်ခြင်းအားဖြင့် ဗြိတိန်အစိုးရဟာ လုပ်ဖို့ လိုအပ်နေတဲ့အရာကို အတိအကျလုပ်ဆောင်လိုက်တာပဲ ဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ အန်နာရောဘတ်က ပြောပါတယ်။
ဒါအပြင် အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ရာမှာအသုံးပြုတဲ့ လေယာဉ်ဆီလို အရာမျိုးတွေကို ထပ်မံပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုးလုပ်ဆောင်ဖို့လည်း ဗြိတိန်အစိုးရကို တိုက်တွန်း ထားပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုပြီး ယူကေ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ၊ စစ်ကောင်စီဝင်တွေ၊ သူတို့ရ့့မိသားစုတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးသမားတွေကို ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာစတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော်သေဆုံး၊ ၁၀၀၀၀ ကျော် အဖမ်းခံရကာ လူပေါင်း ၃ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
Photo- DSINFO