စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းတွေကို အဓိကထားပြီး ဘဏ္ဍာရေးဝန်ဆောင်မှုတွေပေးနေတဲ့ နှစ်ပေါင်း ၄၀ သက်တမ်းရှိ ကယ်လီဖိုးနီးယားအခြေစိုက် ဆီလီကွန်ဗယ်လီဘဏ် (SVB)ကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ ဘဏ္ဍာရေးအာဏာပိုင်တွေက ပိတ်သိမ်းပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့ပါတယ်။
အဲဒီမတိုင်ခင် မတ်လ ၈ ရက်မှာ SVB က သူ့ရဲ့ အာမခံတွေကို အရှုံးခံထုတ်ရောင်းခဲ့ရကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိတဲ့ အစုရှယ်ယာအသစ်တွေ ထုတ်ရောင်းဖို့ရှိကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်ကြောင့် စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ လုပ်ငန်းစုကြီးတွေဟာ စိုးရိမ်မှုလွန်ကဲခဲ့ပြီး SVB မှာထည့်သွင်းထားတဲ့ငွေတွေ အမြန်ပြန်ထုတ်ကြဖို့ သူတို့နဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို အကြံပေးခဲ့ကြပါတယ်။
အဲဒီနောက် ကြာသပတေးနေ့ မနက်မှာပဲ SVB ရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျလာခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ တခြားသက်ဆိုင်ရာ ဘဏ်တွေရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေပါ ကျဆင်းလာခဲ့ပါတယ်။
ဒါဟာ ၂၀၀၇-၂၀၀၈ မှာ ကြုံတွေ့ခဲ့ကြတဲ့ စီးပွားရေးကပ်ဘေးလို နောက်တစ်ခါကြုံမှာကို စိုးရိမ်လာကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ဝယ်ယူထားတဲ့ စတော့ရှယ်ယာတွေကို အလျင်အမြန်ပြန်လည် ထုတ်ရောင်းခဲ့ကြတာကြောင့်ဖြစ်ပါတယ်။
SVB ဟာ အမေရိကန်ရဲ့ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်သလို သူ့ရဲ့ ပြိုလဲမှုဟာ ၂၀၀၈ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးဘဏ္ဍာရေးလောက ပြိုလဲမှုဖြစ်တယ်လို့ဆိုပါတယ်။
သောကြာနေ့ မနက်ပိုင်းမှာတော့ SVB ရဲ့ စတော့ရှယ်ယာရောင်းဝယ်မှုတွေ ရပ်တန့်တားဆီးခံလိုက်ရပြီး ရင်းနှီးမြှုပ်နှံသူ အသစ်ရှာဖွေခြင်း၊ ဘဏ်ကိုရောင်းချမှုတွေကိုပါ တားမြစ်ခံခဲ့ရပါတယ်။
ကယ်လီဖိုးနီးယား ဘဏ္ဍာရေးအာဏာပိုင်တွေက ဘဏ်ကိုပိတ်သိမ်းလိုက်ပြီးနောက် ဖက်ဒရယ်ဘဏ္ဍာငွေအာမခံကော်ပိုရေးရှင်း (FDIC) ရဲ့ လက်အောက်ကို လွှဲပြောင်း သိမ်းဆည်းလိုက်ပါတယ်။
စိုးရိမ်မှုတွေရှိနေပေမဲ့ SVB ဘဏ်ပြိုလဲမှုရဲ့ ဆင့်ပွားရိုက်ခတ်မှုကြောင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းလို ပြဿနာမျိုးထပ်ဖြစ်လာနိုင်ဖို့ မရှိဘူးလို့ သုတေသီတွေက ပြောပါတယ်။
“ဘဏ္ဍာရေးစနစ်ကြီးတစ်ခုလုံးက ပုံမှန်အတိုင်းလည်ပတ်နေပြီး အခုပြဿနာဖြစ်နေတဲ့ ဘဏ်တွေဟာ စနစ်တစ်ခုလုံးကို ရိုက်ခတ်နိုင်လောက်အောင် ကြီးမားတဲ့ဘဏ်တွေ မဟုတ်ပါဘူး” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေတဲ့ Moody’s လုပ်ငန်းစုရဲ့ ဦးဆောင်စီးပွားရေးပညာရှင် မာ့ခ်ဇန်ဒီက ပြောပါတယ်။
အာမခံရှိထားတဲ့ SVB ဘဏ်မှာ ထည့်သွင်းထားတဲ့ငွေတွေကို မတ်လ ၁၃ ရက် တနင်္လာနေ့မနက်ပိုင်းထက် နောက်မကျဘဲ ပြန်လည်ရရှိကြမှာဖြစ်တယ်လို့ FDIC က ပြောပါတယ်။
အာမခံမရှိတဲ့ ထည့်သွင်းငွေတွေကိုလည်း လာမယ့်ရက်သတ္တပတ်ထဲမှာပဲ စာရင်းရှင်းလင်းမှုမပြီးခင် ပမာဏ အထိုက်အလျောက်ကို ကြိုတင်ကာ ပြန်လည်ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေးအတွက် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တာရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက ပြောကြပါတယ်။
ခရမ်းမြို့နယ် ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၅၃ စုအတွင်း ဆိုင်ကယ်စီးနှင်ခွင့်အပြီးပိတ်သိမ်းဖို့ စစ်ကောင်စီနဲ့ ထွေအုပ်က နိုဝင်ဘာ ၁၈ ရက်က ဆုံးဖြတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ထွေအုပ်၊ ရဲများ ပူးပေါင်းကာ ဆိုင်ကယ်စီးခွင့်ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ဌာနဆိုင်ရာက တင်ပြသေးတယ်၊ စစ်တပ်က မရဘူး၊ လုံးဝဆိုင်ကယ်စီးခွင့်ပိတ်ဖို့ လုပ်လိုက်တာ၊ သွားရေးလာရေး ဘယ်လိုလုပ်မလဲ ခက်ခဲသွားတာပေါ့။"
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ဆိုင်ကယ်တွေကိုသာ အားကိုးနေရပြီး စစ်ကောင်စီက အခုလို ဆိုင်ကယ်ပိတ်သိမ်းလိုက်တဲ့အတွက် စားဝတ်နေရေးခက်ခဲသွားတယ်လို့ ပိန်းကန်ကျေးရွာနေသူတဦးက ပြောပါတယ်။
"အကုန်လုံးကို ဒုက္ခရောက်သွားတယ်၊ ကယ်ရီတွေလည်း မဆွဲရတော့ဘူး၊ ဆွဲရင် ပစ်ဖမ်းမယ်လို့ ပြောတယ်။ ပျူစောထီးတွေကတော့ ဆိုင်ကယ်စီးခွင့်ရတယ်။"
ခရမ်းမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်တွေကို နိုဝင်ဘာ ၂၆ ရက်နေ့ စတင်ပြီး စီးခွင့်မပြုတော့ဘူးလို့ အသိပေးထားပြီး လိုက်နာခြင်းမရှိပါက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားဖို့ ညွန်ကြားထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ခရမ်းကဒေသခံတွေကို ပြောချင်တာ ၂၆ ရက်နေ့ နောက်ပိုင်း ဆိုင်ကယ်မစီးစေချင်ဘူး၊ စစ်တပ်က ပစ်သတ်ဖို့ အမိန့်ပေးထားတယ်။"
စစ်တပ်က အာဏာသိမ်းပြီးနောက် ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ၂၁ ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပြီးနောက် အခုလို အမိန့်ကြေညာစာထွက်လာတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။