close

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့် အပြီးပိတ်သိမ်းရန် စစ်ကောင်စီ စီစဉ်

ခရမ်းမြို့နယ် ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၅၃ စုအတွင်း ဆိုင်ကယ်စီးနှင်ခွင့်အပြီးပိတ်သိမ်းဖို့ စစ်ကောင်စီနဲ့ ထွေအုပ်က နိုဝင်ဘာ ၁၈ ရက်က ဆုံးဖြတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ထွေအုပ်၊ ရဲများ ပူးပေါင်းကာ ဆိုင်ကယ်စီးခွင့်ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဌာနဆိုင်ရာက တင်ပြသေးတယ်၊ စစ်တပ်က မရဘူး၊ လုံးဝဆိုင်ကယ်စီးခွင့်ပိတ်ဖို့ လုပ်လိုက်တာ၊ သွားရေးလာရေး ဘယ်လိုလုပ်မလဲ ခက်ခဲသွားတာပေါ့။" 

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ဆိုင်ကယ်တွေကိုသာ အားကိုးနေရပြီး စစ်ကောင်စီက အခုလို ဆိုင်ကယ်ပိတ်သိမ်းလိုက်တဲ့အတွက် စားဝတ်နေရေးခက်ခဲသွားတယ်လို့ ပိန်းကန်ကျေးရွာနေသူတဦးက ပြောပါတယ်။

"အကုန်လုံးကို ဒုက္ခရောက်သွားတယ်၊ ကယ်ရီတွေလည်း မဆွဲရတော့ဘူး၊ ဆွဲရင် ပစ်ဖမ်းမယ်လို့ ပြောတယ်။ ပျူစောထီးတွေကတော့ ဆိုင်ကယ်စီးခွင့်ရတယ်။" 

ခရမ်းမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်တွေကို နိုဝင်ဘာ ၂၆ ရက်နေ့ စတင်ပြီး စီးခွင့်မပြုတော့ဘူးလို့ အသိပေးထားပြီး လိုက်နာခြင်းမရှိပါက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားဖို့ ညွန်ကြားထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ခရမ်းကဒေသခံတွေကို ပြောချင်တာ ၂၆ ရက်နေ့ နောက်ပိုင်း ဆိုင်ကယ်မစီးစေချင်ဘူး၊ စစ်တပ်က ပစ်သတ်ဖို့ အမိန့်ပေးထားတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက် ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ၂၁ ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပြီးနောက် အခုလို အမိန့်ကြေညာစာထွက်လာတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up