ပီရူးနိုင်ငံမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေရာမှာ ဖေဖော်ဝါရီ ၄ ဆန္ဒပြသူတစ်စုနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲအရာရှိတွေက လူစုလူဝေးကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတဘိုလူအာတီ နုတ်ထွက်ဖို့၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့၊ လွှတ်တော်တွေကို ပိတ်ပစ်ဖို့နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အယ်လ်ဘာတို ဖှုဂျိမိုရိလက်ထက်က စျေးကွက်နဲ့ လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံဥပဒေအသစ်နဲ့ အစားထိုးဖို့ တောင်းဆိုနေကြပါတယ်။
သမ္မတဟောင်း ပေဒရို ကတ်စတီလို ရာထူးကနေ ဖြုတ်ချခံရချိန် ဒီဇင်ဘာလက စပြီး ဆန္ဒပြခဲ့ကြတဲ့ မငြိမ်မသက်မှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
ဆန္ဒပြတာတွေဟာ ပီရူးရဲ့ ကျေးလက်နဲ့ တောင်ထူထပ်တဲ့ ဒေသမှာ အစပိုင်းက အဓိက အာရုံစိုက်ခဲ့ပြီး ခုတော့ မြို့တော်မှာပါ ပျံ့လာခဲ့ပါတယ်။
ပီရူးလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲကို ၂၀၂၆ ကနေ ၂၀၂၄ ဆီရွှေ့ဖို့ ကနဦးက မီးစိမ်းပြခဲ့ပေမယ့် အခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အဆိုပြုချက်တွေကို အခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်မဲနဲ့ ဖြုတ်ချခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘိုလူအာတီက ရွေးကောက်ပွဲ မကျင်းပမချင်း သမ္မတအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ပီရူးသမ္မတ ဒီနာဘိုလွာတေးရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ဇန်နဝါရီ ၅ ရက် အစောပိုင်းကတည်းက ပီရူးနိုင်ငံရဲ့ ပင်မတောင်ဘက် ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးရဲ့ လမ်းပိုင်းနေရာ အမျိုးမျိုးမှာ ပိတ်ဆို့ထားကြပါတယ်။
ဆန္ဒပြသူတွေဟာ တောင်ဖက် ပန်-အမေရိကန် အဝေးပြေးလမ်းမကြီးရဲ့ လမ်းတွေကို တာယာတွေ မီးပုံရှို့ ပိတ်ဆို့ခဲ့ကြပြီး တချို့နေရာတွေမှာတော့ ကုန်တင်ကားတွေကို ရပ်တန့်အောင် လမ်းအလယ်မှာ ရပ်ပြခဲ့ကြပါတယ်။
ပူနိုမြို့မှာ လမ်းတွေကို ပိတ်ဆို့ထားပြီး အာရီကီးပါးမြို့မှာတော့ ငြိမ်းချမ်းရေးချီတက်ပွဲ လုပ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတသစ် ဒီနာဘိုလွာတေး နုတ်ထွက်ရေး၊ ကွန်ဂရက်ပိတ်သိမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ကက်စ်တီးလိုကို လွှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။
အခုနှစ် ပထမနှစ်ဝက်အတွက် ကမ္ဘာလှည့်ခရီးသည်တွေ ကြိုတင်စာရင်းသွင်းမှု ၆၀ ရာခိုင်နှုန်း အထိ ဖျက်သိမ်းလိုက်တာကြောင့် ဆန္ဒပြမှုတွေဟာ နိုင်ငံရဲ့ အလားအလာရှိတဲ့ စီးပွားရေး အင်ဂျင်တွေထဲက တစ်ခုကိုလည်း ထိခိုက်စေခဲ့ကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကုဇ်ကိုမြို့ရှိ လေဆိပ်မှာတော့ ခရီးသွားဧည့်သည်တွေဟာ လေဆိပ်အဆောက်အအုံထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
ပီရူးနိုင်ငံဟာ ၁၅ ရာစုကာလက အင်ကာရှေးဟောင်းနယ်မြေရှိ Machu Picchu မြို့တော်နဲ့ ဘီစီ ၁၀၀ ကနေ အေဒီ ၈၀၀ ခေတ်က ထွန်းကားခဲ့တဲ့ နက်ဇ်ကာ ရှေးဟောင်းယဉ်ကျေးမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာနိုင်ငံဖြစ်ပါတယ်။