ပီရူးနိုင်ငံတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်

ပီရူးနိုင်ငံမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေရာမှာ ဖေဖော်ဝါရီ ၄ ဆန္ဒပြသူတစ်စုနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲအရာရှိတွေက လူစုလူဝေးကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတဘိုလူအာတီ နုတ်ထွက်ဖို့၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့၊ လွှတ်တော်တွေကို ပိတ်ပစ်ဖို့နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အယ်လ်ဘာတို ဖှုဂျိမိုရိလက်ထက်က စျေးကွက်နဲ့ လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံဥပဒေအသစ်နဲ့ အစားထိုးဖို့ တောင်းဆိုနေကြပါတယ်။
သမ္မတဟောင်း ပေဒရို ကတ်စတီလို ရာထူးကနေ ဖြုတ်ချခံရချိန် ဒီဇင်ဘာလက စပြီး ဆန္ဒပြခဲ့ကြတဲ့ မငြိမ်မသက်မှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
ဆန္ဒပြတာတွေဟာ ပီရူးရဲ့ ကျေးလက်နဲ့ တောင်ထူထပ်တဲ့ ဒေသမှာ အစပိုင်းက အဓိက အာရုံစိုက်ခဲ့ပြီး ခုတော့ မြို့တော်မှာပါ ပျံ့လာခဲ့ပါတယ်။
ပီရူးလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲကို ၂၀၂၆ ကနေ ၂၀၂၄ ဆီရွှေ့ဖို့ ကနဦးက မီးစိမ်းပြခဲ့ပေမယ့် အခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အဆိုပြုချက်တွေကို အခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်မဲနဲ့ ဖြုတ်ချခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘိုလူအာတီက ရွေးကောက်ပွဲ မကျင်းပမချင်း သမ္မတအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။