close

ပီရူးသမ္မတ

close

March 5, 2023

ပီရူးသမ္မတ နုတ်ထွက်ရေး တကျော့ပြန်ဆန္ဒပြ

ပီရူးနိုင်ငံ မြို့တော်လီမာမှာ လက်ရှိသမ္မတ ဒီနာ ဘိုလူအာတေး ရာထူးကနေ နုတ်ထွက်ရေးအတွက် မတ် ၄ ရက်မှာ လမ်းတွေပေါ် ပြန်ထွက်လာခဲ့ကြပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနီးက လမ်းတွေကို အမှိုက်ပုံးတွေနဲ့ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက ကြိုးပမ်း နေစဉ်မှာပဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုကာ လူစုခွဲခဲ့ပါတယ်။ 

အပူရီမက် ဒေသက ဆန္ဒပြသူ တဦးဖြစ်တဲ့ မီလာ ဂရော့စ် ရီဗယ်ရာ က ရိုက်တာသတင်းဌာကို ပြောကြားရာမှာ ဘိုလူအာတေးရဲ့ ခြိမ်းခြောက်မှုဟာ ဆန္ဒပြသူတွေအတွက် အရာရောက်မှာ မဟုတ်သလို ဆက်တိုက်ဆန္ဒပြမှုတွေအပေါ်မှာလည်း မောပန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြဆိုင်းဘုတ်တွေထဲမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို ပြန်လည်လွတ်မြောက်ရေးအပြင် လစ်သီယမ်လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းဖို့ တောင်းဆိုထားကြပါတယ်။ 

ဒီဇင်ဘာလထဲမှာ သမ္မတဟောင်း ကတ်စတီလို ကို ရာထူးကဖယ်ရှားကာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ကြောင့် ဒီ အန်ဒီယန်းဒေသနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့အတူ ရှုပ်ထွေးလှုပ်ခတ်စေခဲ့ပါတယ်။

ကတ်စတီလို လွတ်မြောက်ရေး၊ ဘိုလူအာတေး နုတ်ထွက်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒသစ် တရပ်ကို ဆန္ဒပြသူတွေက တောက်လျှောက် တောင်းဆိုလာခဲ့ကြတာပါ။ 

ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တွေမှာ အနည်းဆုံးလူ ၆၀ သေဆုံးခဲ့ပြီး သေဆုံးသူအများ စုဟာ ဌာနေတိုင်းရင်းသား အများအပြားနေထိုင်တဲ့ နိုင်ငံတောင်ပိုင်းဒေသက ဖြစ်ပါတယ်။

လူအခွင့်အရေး အဖွဲ့တွေကတော့ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ်မှာ သေနတ်အစစ် အသုံးပြုခဲ့တဲ့အပြင် ရဟတ်ယာဉ်ပေါ်ကနေ မီးခိုးဗုံးတွေပစ်ချခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ပီရူးစစ်တပ်ဘက်ကည်း ဆန္ဒပြသူတွေဟာ လက်နက်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့တယ်ဆိုပြီး ပြန်လည်စွပ်စွဲပြောဆိုပါတယ်။ 

13 hours Ago

February 15, 2023

အကြမ်းဖက်ဝါဒနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းမည်ဟု ပီရူးသမ္မတ ကတိပြု

ပီရူးသမ္မတ ဒီနာဘိုလူအာတာဟာ မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒကို နှိမ်နင်းသွားမယ်လို့ ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲ ၇ ဦးရဲ့ ဈာပနအခမ်းအနားမှာ ဖေဖော်ဝါရီ ၁၃ ရက်က ကတိပြု ပြောပါတယ်။

“အစိုးရအနေနဲ့ VRAEM နဲ့ နိုင်ငံရဲ့ နယ်မြေတလျှောက်က အကြမ်းဖက်ဝါဒနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ မဟာမိတ်ဖွဲ့ လုပ်ဆောင်နေတာတွေကို ရှေ့တန်းတင် တိုက်ဖျက်သွားဖို့ အမိန့်ပေးလိုက်တယ်” လို့ ဘိုလူအာတာက ပြောပါတယ်။

သေဆုံးမှုတွေ၊ အကြမ်းဖက်မှုတွေ ပိုများလာနေတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီတာဝန်မှာတော့ ပီရူးရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အဝ ကျောထောက်နောက်ခံ ပေးသွားမှာဖြစ်ကြောင်း ဘိုလူအာတာက အလေးပေး ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၁ ရက်က အရာရှိတွေဟာ ဝေးလံခေါင်သီတဲ့ အန်ဒီယမ်ဒေသနဲ့ VRAEM လို့ သိကြတဲ့ တောတွင်းဒေသကို ဖြတ်သန်းသွားလာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီနေရာဟာ နိုင်ငံရဲ့ ကိုကင်း ၄ ပုံ ၃ ပုံလောက် ထုတ်လုပ်တယ်လို့ ယူဆရတဲ့ ဧရိယာတခုဖြစ်ပြီး တရားဝင် ပီရူးကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်ပြောက်ကျားအဖွဲ့ဖြစ်တဲ့ Shining Path အဖွဲ့က စစ်သွေးကြွအကြွင်းအကျန်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်း ရဲတပ်ဖွဲ့ကို အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ကိုလံဘီယာပြီးရင် ပီရူးဟာ ကမ္ဘာပေါ်မှာ ကိုကာရွက်နဲ့ ကိုကင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

3 weeks Ago
Up